မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 09/16/2020 - 04:55 -- competition

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယှဉ်ပြိုင်မှုနည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း ကော်မရှင်အစည်းအဝေးများကို ပုံမှန် ကျင်းပလာခဲ့ရာ ပဥ္စမ အကြိမ်ရောက်ရှိလာခဲ့ပြီဖြစ်သကဲ့သို့ ကော်မရှင်၏ သက်တမ်းမှာလည်း တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း၌ ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် လေ့လာသင်ယူခဲ့ရမှုများ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှရှေ့ဆက်ဆောင်ရွက်ရန်အစီအစဉ်များကို ပိုမိုသိရှိလာကြကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှု ကော်မရှင်အကြောင်းကို ပိုမိုသိရှိလာကြပြီး စုံစမ်းမေးမြန်းမှုများ၊ လာရောက်ဆွေးနွေးတင်ပြမှုများ၊ တိုင်ကြားမှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်အနေဖြင့် ကဏ္ဍအလိုက် ထိန်းကျောင်းအကောင်အထည်ဖော်နေသည့် အစိုးရအဖွဲ့အစည်းများ (Sector Regulators)နှင့် ညှိနှိုင်းဆောင်ရွက်ဖို့ကိုလဲ အလေးအနက်ထား စီမံဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းပေးမှုများ၊ အသိပညာပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ဖို့လိုအပ်သကဲ့သို့ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ ကိုလည်း ညှိနှိုင်းချမှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ကော်မရှင်ပုံမှန်အစည်းအဝေးကိုကျင်းပရာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကော်မရှင်ရုံးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ​လက်ခံရရှိထားသော တိုင်ကြားမှုများ နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ကော်မရှင် အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။