မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္တအကြိမ်ပုံမှန် အစည်းအဝေး ကျင်းပပြုလုပ်

Tue, 09/15/2020 - 08:51 -- competition

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်သူများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများ၏ အားကိုးအားထားပြုနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ယှဉ်ပြိုင်မှု ကော်မရှင်သို့ ယှဉ်ပြိုင်မှုဥပဒေ ဆိုင်ရာဆွေးနွေးမေးမြန်းမှုများ၊ တိုင်ကြားမှုများ လက်ခံရရှိမှု တိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ကော်မရှင်ကို ပြည်သူများ၏ ယုံကြည်အားထားမှု အထိုက်အလျောက်ရရှိလာပြီဆိုသည်ကို ဖော်ပြနေပါကြောင်း၊ ပြည်သူများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေ အကြောင်းကိုသာမက တိုင်ကြားမှုနည်းလမ်းများကိုလည်း သိရှိနားလည်လာအောင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် မီဒီယာနှင့်ပုံမှန်တွေ့ဆုံကာ ယှဉ်ပြိုင်မှုဆိုင်ရာဆောင်ရွက်မှုအခြေအနေများကို အသိပေးရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကိုကျင်းပရာ တတိယအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လယ် ၁၄:၀၀ နာရီချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။