ရောင်းသူဝယ်သူနှစ်ဦး အကျိုးရှိမဲ့ ရော်ဘာဗဟိုဈေးဖွင့်လှစ်ရန်စီစဉ်

Fri, 12/04/2015 - 15:12 -- ictuser

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ၏ လုပ်ငန်းစီမံချက်တွင်ပါဝင်သော အရေးကြီး ပို့ကုန်အဖြစ် သတ်မှတ်ထား သည့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရော်ဘာဗဟိုဈေးတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။

ရည်ရွယ်ချက်မှာ ရော်ဘာအရည်အသွေးထိန်းသိမ်းရန်နဲ့ ရော်ဘာဈေးကို ဈေးမှန်ရရှိအောင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ရော်ဘာစိုက် ခြံရှင်များမှ ဈေးကွက်ကို အထူးရှာဖွေရန်မလိုဘဲ ရောင်းချနိုင်ပြီး ဝယ်ယူသူ ကုမ္ပဏီများ အနေဖြင့်လည်း ပစ္စည်းမှန်ဈေးနှုန်းမှန် အရည်အသွေးမှန်သော ပစ္စည်းများကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ယင်းရော်ဘာဗဟိုဈေးကို မော်လမြိုင်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာတည်ဆောက်မှာဖြစ်ပြီး အဆိုပါဈေးအတွက် လုပ်ငန်းစီမံခန့်ခွဲမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယင်းဈေးတွင် ခြံစိုက်   တောင်သူများမှ ရောင်းချ လိုသော ရော်ဘာများကို ဒိုင်သို့ပေးပို့ပြီး ဒိုင်က ပစ္စည်းအဆင့်ခွဲခြား သတ်မှတ်၍ လေလံစနစ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရောင်းချသူမှ လည်း မိမိ စိတ်ကြိုက် ဈေးနှုန်း မရရှိပါက ငြင်းပယ်နိုင်ပါ တယ်။ ခြံရှင်များအနေနဲ့ ဈေးနှုန်း မှန်မှန်ကန်ကန်ရရှိပြီး အရည်အသွေး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းတဲ့အလေ့အကျင့်လည်း ရရှိလာမှာ ဖြစ်ပါတယ်။ မိမိရဲ့ ပစ္စည်းအရည်အသွေးကို ဈေးကောင်း ရလာတာနဲ့အမျှ ပိုပြီးမြင့်အောင် ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီထုတ်လုပ်ပါက အရည်အသွေးကောင်းပြီးဈေးလည်းမှန်ကန်စွာ ရရှိလာမှာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်မဲ့ ရောင်းသူရောဝယ်သူပါ အကျိုးရှိမဲ့ ရော်ဘာဗဟိုဈေးရဲ့ လုပ်ငန်းစဉ်များ အောင်မြင်သွားပါက အခြားရော်ဘာ စိုက်ပျိုးရာဒေသများဖြစ်တဲ့ တနင်္သာရီ၊ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း ဆက်လက်ဖွင့်လှစ်ရန် နှစ်ရှည်စီမံကိန်း များရှိကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။