ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဘိန်းအစားထိုးသီးနှံကြံတင်ပို့မှုအခြေအနေ

Thu, 01/26/2023 - 07:32 -- DotBorderdep

         ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့နယ်၊ သိန္ဒီမြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့်ကြံများကို ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တစ်ဖက်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့ နမ့်ဟွာသကြား စက်ရုံသို့ တင်ပို့လျက်ရှိသည်။

          ဘိန်းအစားထိုးသီးနှံအဖြစ်စိုက်ပျိုးထားသည့်ကြံများကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်းပြီး ပြည်ပသို့ တင်ပို့သည့်ကာလမှာ ဒီဇင်ဘာလဆန်းမှ မတ်လ ပထမပတ်ခန့်အထိဖြစ်သည်။

          လားရှိုးခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ကြံစိုက်ပျိုးထွက်ရှိမှုမှာ လားရှိုးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်ခဲ့ပြီး စိုက်ပျိုးမှု ၁၁၄၃၃ (ဧက)၊ ရိတ်သိမ်းမှု ၁၁၄၃၃ (ဧက)၊ တစ်ဧကအထွက်နှုန်း (၂၈.၄၄)တန်ဖြစ်၍ ၃၂၅၁၁၈ (တန်) ထွက်ရှိခဲ့ကြောင်း သိရှိ ရသည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်အလိုက် ကြံတင်ပို့မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အများဆုံးတင်ပို့ခဲ့ပြီး တန်ချိန် ၂၉၀၅၇၆.၀၀ တန်၊ တန်ဖိုး ၁၄.၅၂၈ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၈၇၈၈၂.၀၀ တန်၊ တန်ဖိုး ၄.၄၅၄ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ကြံတင်ပို့ရာတွင် Shwe Aung YadanaCo.,ltd. နှင့် Evershine Lashio Co.,ltd. တို့မှတင်ပို့လျက်ရှိသည်။ ယခုနှစ်ကြံရာသီတွင် ကုမ္ပဏီ (၂)ခုမှ ခန့်မှန်းကြံတန်ချိန် (၁၆၀၀၀၀)တန်ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ယခုနှစ်ကြံရာသီအတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ ကြံတန်ချိန် ၆၃၇၀၆.၂၀ တန်၊ တန်ဖိုး ၃.၁၈၅ ဒေါ်လာသန်း တင်ပို့ ထားရှိသည်။ ကြံများတင်ပို့ရာတွင် ကုမ္ပဏီ (၂)ခုမှ တစ်နေ့ပျမ်းမျှယာဉ်စီးရေ (၃၀၀) စီးဖြင့် တင်ပို့လျက်ရှိ သည်။

          ဘိန်းအစားထိုးသီးနှံကြံများတင်ပို့ရာတွင် ကြံတင်ယာဉ်များသည် ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော် မြို့ကြားရှိ ကြံကွင်းတွင် မြန်မာကြံတင်ယာဉ်များပေါ်မှ ကရိန်းများဖြင့် မ တင်၍ တရုတ်ကားများပေါ်သို့ ပြောင်းရွှေ့တင်ဆောင်၍လည်းကောင်း၊ နှစ်နိုင်ငံနယ်စပ်နမ့်ဖာဟော်တံတားတွင် ရှန်တိန်ယာဉ်မောင်းစနစ် ဖြင့် ယာဉ်မောင်းလဲလှယ်၍လည်းကောင်း တစ်ဖက်နိုင်ငံ မိန်းတိန်မြို့ နမ့်ဟွာသကြားစက်ရုံသို့ တင်ပို့ခဲ့သည်။

          ယခုအခါ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုအရ မြန်မာဘက်မှ ကြံတင်ယာဉ်မောင်းများသည် မြန်မာကြံ ကားများအား မောင်းနှင်ပြီး ဇန်နဝါရီလ (၁၇) ရက်နေ့မှစ၍ မြန်မာ-တရုတ်နယ်စပ် ခရီးသွားလာခွင့်လက်မှတ် (Border Pass) (BP) ဖြင့် နမ့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိခဲ့ရာ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဒေသခံပြည်သူများ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့်ကြံများအား တစ်ဖက်နိုင်ငံ သို့ လွယ်ကူမြန်ဆန်စွာတင်ပို့လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

 

                                                                                                ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Border Trade News

Pages