အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်(Generalized System of Preferences) အကောင်အထည်ဖော်ဆောင်မှုပိုင်းဆိုင်ရာကိစ္စရပ်များ
နိဒါန်း
၁။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)သည် ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုညီလာခံ (United Nation Conference on Trade and Development -UNCTAD)၏ ကြိုးပမ်း စွမ်းဆောင်ချက်ဖြင့် ထွက်ပေါ်လာသောကောင်းကျိုးရလဒ်တစ်ခု ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန် အောက်ပါရည်မှန်းချက် (၃) ရပ်ကို ချမှတ်ထားပါသည်-
(က) ပြည်ပပို့ကုန်ဝင်ငွေတိုးတက်စေရန်
(ခ) စက်မှုလုပ်ငန်းတိုးတက်စေရန်
(ဂ) စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားစေရန်
အကောက်ခွန်ဆိုင်ရာ အခွင့်အရေး ပေးမှုစနစ် (Generalized System of Preferences)
၂။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)ဆိုသည်မှာဖွံ့ဖြိုးဆဲနိုင်ငံများ (အခွင့်အရေးလက်ခံရရှိသောနိုင်ငံ) ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသာပို့ကုန်ပစ္စည်းများ ကိုဖွံ့ဖြိုးပြီးနိုင်ငံများ (အခွင့်အရေး ပေးသာနိုင်ငံ) ၏ဈေးကွက်အတွင်းသို့ အလွယ်တကူ ဝင်ရောက်လာနိုင်စေရန် စီမံပေးခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်ပို့သော သတ်မှတ်ကုန်ပစ္စည်းများ အပေါ်တွင် GSP အခွင့်အရေးပေးသည့် ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးများက ပုံမှန်ကောက်ခံ နေကျ အကောက်ခွန်နှုန်းထက်
အကောက်ခွန် လျှော့ပေါ့ (သို့မဟုတ်) ကင်းလွတ်ကောက်ခံသောစနစ် ပင်ဖြစ်ပါသည်။
GSP စနစ်ပေါ်ပေါက်လာပုံ
၃။ (၁၉၆၄) ခုနှစ်တွင် ကျင်းပသည့် ပထမအကြိမ် UNCTAD ညီလာခံမှစတင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်သို့ အလွယ်တကူ ဝင်ရောက် နိုင်စေရန်နှင့် အကောက်ခွန် အခွင့်အရေးများပေးရန်အလေးထား ဆွေးနွေးခဲ့ကြပြီး၊(၁၉၈၆)ခုနှစ်တွင်ကျင်းပသောဒုတိယအကြိမ်မြောက်ကမ္ဘာ့ကုလသမဂ္ဂ UNCTAD ညီလာခံမှ ဆုံးဖြတ်ချက်ဖြင့် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှု စနစ်ကိုပြဌာန်းအတည်ပြုနိုင်ခဲ့ပါသည်။
GSP အခွင့်အရေးပေးသောနိုင်ငံများ
၄။ GSP အခွင့်အရေးပေးသည့် အစီအစဉ် (၁၂) ခုကို အောက်ဖော်ပြပါ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံ (၃၉) နိုင်ငံကသီးခြားအစီအစဉ်တစ်ခုစီဖြင့် ထုတ်ပြန်ပေးအပ်ထားရာတွင်အဖွဲ့ဝင်(၂၈) နိုင်ငံပါဝင် သော EU အနေဖြင့် အဖွဲ့ဝင် (၂၈)နိုင်ငံအတွက် အစီအစဉ် တစ်ရပ်ကိုသာ တစ်ပေါင်း တစ်စီးတည်း ပြဌာန်း ထားပါသည်။
(၁) သြစတြေးလျနိုင်ငံ (၇) နော်ဝေနိုင်ငံ
(၂) ဘီလာရုစ်နိုင်ငံ (၈) ရုရှားနိုင်ငံ
(၃) ကနေဒါနိုင်ငံ (၉) ဆွစ်ဇာလန်နိုင်ငံ
(၄) အိုက်စ်လန်နိုင်ငံ (၁၀) တူရကီနိုင်ငံ
(၅) ဂျပန်နိုင်ငံ (၁၁) အမေရိကန်နိုင်ငံ
(၆) နယူးဇီလန်နိုင်ငံ (၁၂) ဥရောပသမဂ္ဂ အီးယူ(၂၈)နိုင်ငံ
(သြစတြီးယား၊ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက် သမ္မတနိုင်ငံ၊ဒိန်းမတ်၊ အက်စ်စတိုးနီးရား ၊ ဖင်လန်၊ ပြင်သစ်၊ဂျာမနီ၊ဂရိ၊ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေး နီးယား၊ လူဇင်ဘတ်၊မာလ်တာ ၊ နယ်သာလန်၊ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊
ဆလိုဗက်ကီးယား၊ဆလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ အင်္ဂလန် )
မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက်ရှိသော အစီအစဉ်များ
၅။ မြန်မာနိုင်ငံအနေဖြင့် GSP အစီအစဉ် (၁၂) ခုအနက် အမေရိကန်နိုင်ငံ၏ အစီအစဉ်မှအပ ကျန်နိုင်ငံ များ၏ National GSP Scheme များကို ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
GSP အကျုံးဝင်သောကုန်စည်များ (Product Coverage)
၆။ GSP အစီအစဉ်များအရ အကြမ်းဖျင်း အကောက်ခွန်ကင်းလွတ်ခွင့်ပြုသော ပစ္စည်းများမှာ-
(က) စက်မှုထွက်ကုန်ပစ္စည်းများ၊ (Manufactured and Semi-manufactured Products)
(ခ) လယ်ယာထွက်ကုန်ပစ္စည်းများ၊ (Agricultural Products)
(ဂ) လက်မှုအနုပညာပစ္စည်းများ၊(Handicrafts) တို့ဖြစ်ပြီး၊လက်မှုအနုပညာပစ္စည်းများ အတွက်ကိုမူ နိုင်ငံတိုင်းက အကောက်ခွန် ကင်းလွတ်ခွင့်ပေးထားသည်ကိုတွေ့ရပါသည်။ GSP ၏ ပင်ကိုသဘောမှာ အခြေခံပို့ကုန်၊ ကုန်စည်များကို အားပြု နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး အခြေခံကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့်ပြောင်းလဲစေရန် ရည်ရွယ်သည့်အလျောက် စက်မှုထွက်ကုန်ပစ္စည်းများကို ပိုမိုအခွင့် အရေးပေးထားပါသည်။
၇။ အဆိုပါ GSP အခွင့်အရေးရရှိသည့် ကုန်စည်စာရင်းများနှင့် စည်းမျဉ်းများကို အခွင့်အရေးပေးသည့် နိုင်ငံက နှစ်အလိုက် (သို့) မကြာခဏပြင်ဆင်လေ့ရှိပါသည်။ဥပမာအားဖြင့် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့၏ GSP အခွင့်အရေးရရှိသော ကုန်ပစ္စည်းစာရင်းများကိုတစ်နှစ်တစ်ကြိမ်ပြင်ဆင် ဖြည့်စွက်လေ့ရှိပါသည်။GSPအစီအစဉ်အရ အကောက်ခွန်သက်သာခွင့် ခံစားနိုင်ရန် အတွက် ထုတ်ပေးသော
Certficate မှာ GSP Form A ဖြစ်ပါသည်။
GSP ပင်ရင်းနိုင်ငံစည်းမျဉ်း
၈။ GSP အစီအစဉ်သည် တစ်ဖက်သတ် အခွင့်အရေးပေးသောစနစ်ဖြစ်ရာ အခွင့်အရေးပေးသောနိုင်ငံ များမှ ၎င်းတို့ စိတ်ကြိုက်စည်းကမ်းချက်များ သတ်မှတ် ဆောင်ရွက်ခွင့်ရှိပါသည်။ GSP အခွင့်အရေးရရှိသော နိုင်ငံများမှတင်ပို့သော ပို့ကုန်ပစ္စည်းသည် တင်သွင်းသောနိုင်ငံက သတ်မှတ်ထားသည့် GSP ပင်ရင်းနိုင်ငံ စည်းမျဉ်းနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။ ပင်ရင်းနိုင်ငံစည်းမျဉ်းသည် GSP အစီအစဉ်များ၏ အဓိကအရေးပါ သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး၊ အခွင့်အရေးရရှိသည့်နိုင်ငံအတွင်း အပြည့်အဝ ထုတ်လုပ်ရရှိသော (သို့မဟုတ်) သိသာထင်ရှားစွာ ပြောင်းလဲမှုရှိအောင် ပြုပြင်ထုတ်လုပ်ထားသော ကုန်စည်များကို အကောက်ခွန်အခွင့် အရေးပေးရာတွင် သေချာမှုရှိအောင် သတ် မှတ်ထားခြင်း ဖြစ်ပါသည်။
၉။ GSP အစီအစဉ်ရှိ ပင်ရင်းနိုင်ငံစည်းမျဉ်းများ၏ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပင်ရင်းနိုင်ငံမှတ်ကျောက်၊
(ခ) ကုန်စည်တင်ပို့မှုဆိုင်ရာ စည်းကမ်းချက်များ၊
(ဂ) အထောက်အထားစာရွက်စာတမ်းများ၊
GSP အစီအစဉ်များတွင် မြန်မာနိုင်ငံ၏ပါဝင်ဆောင်ရွက်မှု အခြေအနေ
အီးယူ GSP အစီအစဉ်
၁၀။ မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်မှစ၍ forced labor အသုံးပြုမှုကြောင့် GSP အကျိုးခံစားခွင့်မှ ယာယီ ဖယ်ရှားခံခဲ့ရသော်လည်း ၂၀၁၁ခုနှစ် အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများစွာကို ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ EU အနေဖြင့် မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုများ ကို ဖြေလျှော့ပေးသည့်အနေဖြင့် အခွင့်အရေး ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါ သည်။
၁၁။ ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အကောက်ခွန် သက်သာ/ ကင်းလွတ်ခွင့်ကို ၁၉၉၇ ခုနှစ်မှ စတင်ကာ ဆိုင်းငံ့ထားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဆက်လက် သက်တမ်းတိုး ခဲ့ပါသည်။၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော ဥရောပသမဂ္ဂ၏ တရားဝင်ဂျာနယ်တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံအနေဖြင့် EU မှ ပေးအပ်သော GSP အစီအစဉ်ကို EU Regulation (607/2013) အရ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ စတင်၍ လက်နက်ခဲယမ်းမှအပ (Everything But Arms-EBA) ကျန်ကုန်စည်အားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့်နှင့် အရေအတွက်ကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့် (Duty Free and Quota Free)ကို ပြန်လည်ရရှိခံစား လျက်ရှိပါသည်။ ထုတ်ပြန်ကြေငြာချက်အရ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့မှ စတင်ကာ တင်ပို့သောပို့ကုန်များအတွက် နောက်ကြောင်းပြန် အကျိုးခံစားခွင့်ဖြင့်ပြန်လည်ခံစားလျက် ရှိပါသည်။
၁၂။ မြန်မာနိုင်ငံအနေဖြင့် အီးယူဈေးကွက်သို့ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်စည်များ၊ ဆန်၊ ပဲစသည့် လယ်ယာထွက်ကုန်စည်များ၊ ကြိမ်ထည်၊ သစ်အချောထည်စသည့် သစ်တောထွက်ပစ္စည်း များ၊အဝတ်အထည်၊ ဖိနပ်စသည့် စက်မှုထုတ်ကုန်စည် တင်ပို့မှုများအတွက် အကောက်ခွန်ကင်းလွတ် ခွင့်ရရှိခံစားလျက်ရှိပါ သည်။ဘဏ္ဍာနှစ်အလိုက်၊ ကုန်စည်အုပ်စုအလိုက် အီးယူနိုင်ငံများသို့ တင်ပို့ သော မြန်မာ့ကုန်စည်များ Form A အသုံးပြုမှု အခြေအနေများကို နောက်ဆက်တွဲ ဖြင့် ဖော်ပြ ထားပါသည်။
အမေရိကန်နိုင်ငံ GSP အစီအစဉ်
၁၃။ အမေရိကန်နိုင်ငံအနေဖြင့် GSP အခွင့်အရေးမှု အစီအစဉ်ကို ၁၉၇၄ ခုနှစ်တွင် စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ အစီအစဉ်ကို နှစ်စဉ်ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ကာ ထွက်ပေါ်လာသော ရလာဒ်များနှင့် ပြောင်းလဲလာသော စီးပွားရေးဝန်းကျင်ကို အခြေခံ၍ အစီ အစဉ်ကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါသည်။
၁၄။ အမေရိကန်၏ GSP အစီအစဉ်အရ အကျိုးခံစားခွင့်ရှိသည့် နိုင်ငံများအားလုံးသည် HS code (၈) လုံးအဆင့် ကုန်စည်လိုင်း (၃,၅၀၀) လိုင်းအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအနေဖြင့် ထပ်မံ၍ကုန်စည်လိုင်း (၁,၅၀၀) လိုင်းကို အကောက်ခွန် ကင်းလွတ်ခွင့်ရရှိပါသည်။ သို့သော်လည်း အထည်အလိပ်နှင့် အဝတ်အထည်အများစုနှင့် ဖိနပ်များ စသည့်ကုန်စည်များမှာ အကောက် ခွန်ကင်းလွတ်ခွင့်တွင် မပါရှိပါ။
GSP အခွင့်အရေး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ချက်များ
၁၅။ အမေရိကန်နိုင်ငံ၏ GSP Scheme ကို ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင် အကောင် အထည်ဖော်ခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်တွင် Economic Sanction ပြုလုပ်ခံရသည့်အတွက် အဆိုပါ အခွင့်အရေးများဆုံးရှုံးခဲ့ရပါသည်။
၁၆။ ၂၀၁၃ ခုနှစ်၊ မေလ(၄)ရက်နေ့နှင့် (၅) ရက်နေ့များတွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အမေရိကန်၏ GSP အခွင့်အရေး ပြန်လည် ရရှိရေးဆိုင်ရာ Public Hearing ကြားနာမှု အစီအစဉ်သို့ တက်ရောက်ခဲ့ပြီး နောက်၎င်းအစီအစဉ်၏ နောက်ဆက်တွဲ အစီအစဉ်အရ ပထမအကြိမ် Post Hearing Report ကို ၂၀၁၃ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် တင်သွင်းခဲ့ပါသည်။
၁၇။ အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် GSP ပြန်လည်ရရှိရေးအတွက် အလုပ်သမားအခွင့်အရေး (Worker Rights)၊ ကလေးအလုပ်သမား (Child Labor) နှင့် ဉာဏပစ္စည်း မူပိုင်ခွင့် (Intellectual Property Rights – IPR)စသည့် ကဏ္ဍ(၃)ရပ်အပေါ် ပြည်တွင်း အကောင်အထည်ဖော်မှု(မူဝါဒ၊ ဥပဒေ လုပ်ထုံး လုပ်နည်း) ဆိုင်ရာ တိုးတက်မှု လိုအပ်နေသေးကြောင်းနှင့် လက်ရှိဆောင်ရွက်မှု အခြေအနေ များအပေါ် အစီရင်ခံစာ ထပ်မံတင်သွင်းရန် လိုအပ်ချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ဒုတိယအကြိမ်မြောက် အစီရင်ခံစာအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာအမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံသံရုံးနှင့် Office of the U.S. Trade Representative တို့သို့ ပေးပို့ခဲ့ပြီးဖြစ်ပါ သည်။
၁၈။ ၎င်းအစီရင်ခံစာများအပေါ် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနများမှ မြန်မာနိုင်ငံသို့ GSP အခွင့်အရေးပြန်လည်ပေးရေးနှင့် ပတ်သက်၍ သုံးသပ်ခဲ့ပြီးနောက် အလုပ် သမားဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ မေးခွန်း (၆) ခုပေးပို့ကာ ထပ်မံတောင်းခံလာ သောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များ ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့မှ ဖြေကြား၍ ပေးပို့လာသော အချက်အလက်များနှင့် ပြုစုထားသည့် တတိယအကြိမ် မြောက် အစီရင်ခံစာကို (၂၂-၅-၂၀၁၄) ရက်နေ့ နောက်ဆုံး ထား၍ တင်သွင်းပြီး ဖြစ်ပါသည်။
၁၉။ ထို့အပြင် အမေရိကန်နိုင်ငံမှ လာရောက်တွေ့ဆုံသည့် ဆွေးနွေးပွဲများတွင်လည်း အခွင့်အရေး ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယနေ့အထိ အကြောင်း ပြန်ကြားခြင်း မရှိသေးပါ။
၂၀။ ၂၀၁၃ ခုနှစ်အတွင်းမြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ပို့ကုန်အမယ်(၁၀၄)မျိုးခန့်၊ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာသန်း (၃၀) ခန့်တင်ပို့ခဲ့ရာတွင် GSP အကျုံးဝင်သည့် ကုန်စည်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ(၁.၇) သန်း၊ဖြစ်သည့်အတွက် GSP အခွင့်အရေးရရှိပါက အကောက် ခွန်သက်သာခွင့်မှာ (၅.၇ %) အကျိုးခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်များအပေါ်တွင် အကောက်ခွန်ကင်းလွတ်ခွင့်/ သက်သာခွင့်များ ရရှိနိုင်မည် ဖြစ်ရာ နိုင်ငံ၏ကုန်သွယ်မှုမြှင့်တင်ရေး အတွက် လည်းကောင်း၊ အခြားသောတင်ပို့ နိုင်ငံများနှင့် ဈေးကွက် ယှဉ် ပြိုင်ရာတွင်ဈေးနှုန်းအရ ပိုမို၍ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်လာမည် ဖြစ်သည့်အတွက် လည်းကောင်း ၊အထောက်အကူဖြစ်စေသည့်အပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပြည်တွင်း စီးဝင်ကာ စက်မှုကုန်ထုတ် ပစ္စည်းထုတ်လုပ် တင်ပို့မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက် အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ GSP အခွင့်အရေး ပြန်လည်ရရှိရေးကို သက်ဆိုင်ရာနိုင်ငံများ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပါ သည်။
သုံးသပ်ချက်
၂၁။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံစာရင်းတွင် ပါဝင်နေသေးသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ယခုကဲ့သို့ ဈေးကွက်ရရှိရေး တစ်ဖတ်သက်အကောက်ခွန်ကင်းလွတ်ခွင့်ပေးသည့် GSP Scheme များအား ပြည့်ပြည့်ဝဝ အသုံးချဆောင်ရွက်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ပြည်တွင်း ထွက်ကုန်များအား အခွင့်အရေးပေး သည့်နိုင်ငံက သတ်မှတ် သော စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်တင်ပို့ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့ ရောင်းဝယ်မှုများနှင့် ပတ်သက်သည့် ကုန်သွယ်မှုနှင့်ဆက်စပ်သော ပြည်တွင်းဥပဒေများ ခိုင်ခိုင်မာမာဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့သူများအား ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှု အသိပညာများအား ဖြန့်ဝေပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားခြင်းအားဖြင့် ကုန်စည်ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာရုံမျှမက အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ် မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
တင်ပို့သူမှ မှတ်ပုံတင်ကာ ကိုယ်တိုင် သက်သေခံကာ ထုတ်ပေးသည့် စနစ် ( Registered Exporter System-REX)
၂၂။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများက တစ်ဖက်သတ် အကောက်ခွန် အခွင့် အရေးပေးသော Generalized System of Preferences-GSP အစီအစဉ်အရ လက်ရှိ ကျင့်သုံး လျက်ရှိသော သက်ဆိုင်ရာ အာဏာပိုင်က စိစစ်ခွင့်ပြု ထုတ်ပေးသည့်သမရိုးကျ CO Form –A ထုတ်ပေးသည့်စနစ် အား ပို့ကုန်တင်ပို့သူများ မှတ်ပုံတင်သည့်စနစ် (Registered Exporter System-REX System) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင် အစားထိုးကျင့်သုံးအကောင် အထည် ဖော်ဆောင်တော့မည်ဖြစ် သော်လည်း GSP အခွင့်အရေးခံစားခွင့်ရှိသည့်နိုင်ငံအနေဖြင့် အဆိုပါ နေ့ရက်တွင် အဆင်သင့်မဖြစ်ပါက နောက်တစ်နှစ်(သို့) နှစ်နှစ် အထိ ရွှေ့ဆိုင် ဆောင်ရွက်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ စနစ်ကို ၂၀၁၈ ခုနှစ် (သို့) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မည်သည့် နေ့တွင် လိုက်ပါ အကောင် အထည်ဖော်မည်ကို ဥရောပကော်မရှင် (European Commission) ထံသို့ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား ၍ စာရေးသားပေးပို့ရမည် ဖြစ်ပါသည်။
၂၃။ အဆိုပါစနစ်အရ EU နိုင်ငံများသို့ တင်ပို့သော မြန်မာ့ပင်ရင်း ထုတ်ကုန်များအတွက် ကုန်သွယ်ရေးဦးစီးဌာနတွင် GSP Form-A လာရောက်လျှောက်ထားရန် မလိုအပ်ဘဲ မှတ်ပုံတင်ထား သော ပို့ကုန် တင်ပို့သူကိုယ်တိုင် တာဝန်ယူ၍ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သတ်မှတ်ထားသော စာရွက်စာတမ်းပေါ်တွင် ကြေညာ၍ အကောက်ခွန် သက်သာကင်းလွတ်ခွင့် ခံစားရယူ နိုင်တော့ ဖြစ်ပါသည်။
၂၄။ မြန်မာနိုင်ငံအနေဖြင့် Extension ယူထားစဉ်ကာလအတွင်း ပို့ကုန်တင်ပို့မှုများ အတွက် သမရိုးကျ GSP Form-A ထုတ်ပေးသည့်စနစ်ကို ဆက်လက် ဆောင် ရွက် ခွင့်ရှိပြီး၊ အခြားတစ်ဖက်တွင်မူ စနစ်သစ်ကို လိုက်ပါ ကျင့်သုံးနိုင်ရေးအတွက် ပို့ကုန် တင်ပို့သူသည် သက်ဆိုင်ရာ CO Issuing အာဏာပိုင်ဖြစ်သည့် ကုန်သွယ်ရေး ဦးစီးဌာနတွင် လာရောက် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။သို့သော် ပါဝင်ဆောင်ရွက် ပြီးသည့် နောက်ပိုင်းတွင် မှတ်ပုံတင်ထားသော ပို့ကုန်တင် ပို့သူသာ EU ၏ GSP အစီအစဉ်ကို ခံစားခွင့်ရှိမည် ဖြစ်သည်။
၂၅။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေငြာသည့်စနစ် (Self-Certification System) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် EU အဖွဲ့ဝင်နိုင်ငံ များက လက်ရှိ CO ထုတ်ပေးသည့် စနစ်တွင် အစားထိုးကျင့်သုံးမည့် ပို့ကုန်တင်ပို့သူများ မှတ်ပုံ တင်သည့်စနစ် (Registered Exporter System-REX System) အကောင်အထည်ဖော်ကျင့် သုံးနိုင်ရေး တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူ အသီးသီး အားရှင်းလင်းပြောကြားခြင်း၊ညှိနှိုင်း ဆွေးနွေးခြင်းများ ကို ဆောင်ရွက်လျှက်ရှိပါသည်။
၂၆။ ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့သော လုပ်ငန်းရှင်များ အနေဖြင့် အကောက်ခွန် သက်သာခွင့် ရရှိရေး အတွက် အသုံးပြုလျှက်ရှိသော GSP Form A များအား တင်ပို့သူမှ မှတ်ပုံတင်ကာ ကိုယ်တိုင် သက်သေခံကာ ထုတ်ပေးသည့် စနစ် ( Registered Exporter System-REX) ဖြင့် စတင်ကျင့်သုံး ဆောင်ရွက်နိုင်ရေး ကိစ္စအား သက်ဆိုင်ရာ ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ပြီးစီးအောင် ဆောင်ရွက်လျှက်ရှိပြီး လုပ်ထုံးလုပ်နည်း များ ပြီးစီးသည့် အခါ စတင်အကောင်အထည် ဖော်မည့် နေ့ရက်အား သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ သို့ အသိပေး အကြောင်းကြားခြင်း၊ အဆိုပါ စနစ်အား လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် အသိပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ် ပို့ချခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Issuance of Forms A Based on Fiscal Year Issued to EU Countries
No. |
By Commodity |
2011-2012 |
2012-2013 |
2013-2014 |
2014-2015 |
2015-2016 |
|||||
Copy |
Value |
Copy |
Value |
Copy |
Value |
Copy |
Value |
Copy |
Value |
||
1 |
Industrial |
270 |
10,222,188.70 |
547 |
28,823,689.60 |
3782 |
223,924,582.40 |
5149 |
303,165,847.78 |
12347 |
1,854,495,849.19 |
2 |
Agrictural |
125 |
7,267,745.17 |
175 |
10,939,777.74 |
368 |
19,230,030.99 |
954 |
72,660,370.25 |
923 |
64,629,583.78 |
3 |
Marine |
226 |
10,316,296.10 |
292 |
13,722,509.89 |
481 |
19,593,745.82 |
385 |
14,310,735.38 |
429 |
14,725,415.22 |
4 |
Forestry |
26 |
218,921.24 |
37 |
591,180.37 |
55 |
838,608.85 |
99 |
1,710,259.22 |
106 |
2,332,421.06 |
5 |
Other |
3 |
43,715.20 |
0 |
- |
6 |
172,696.89 |
11 |
551,369.64 |
32 |
717,506.63 |
Total |
650 |
28,068,866.41 |
1051 |
54,077,157.59 |
4692 |
263,759,664.95 |
6598 |
392,398,582.26 |
13837 |
1,936,900,775.88 |
မှတ်ချက်။ ။EU GSP အား ၁၉-၇-၂၀၁၃ ရက်နေ့တွင် စတင်ခွင့်ပြုပေးခဲ့သော်လည်း ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်များတွင် GSP Form A လျှောက်ထားမှုရှိ၍ ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စာရင်းတွင် ၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ နောက်ကြောင်းပြန် GSP Form A ထုတ်ပေးခဲ့မှု (၈၃၂)စောင် ပါဝင်ပါသည်။