အင်ဒိုနီးရှားနိုင်ငံ သီးနှံဝယ်ယူရေးအေဂျင်စီဖြစ်တဲ့ ဘူးလော့ဂ်မှ မြန်မာ့ဆန် တန်ချိန်နှစ်သိန်းဝယ်ယူဖို့ နားလည်မှုစာချွန်လွှာရေးထိုး

Mon, 01/30/2012 - 07:25 -- Anonymous (not verified)

အင်ဒိုနီးရှားနိုင်ငံ သီးနှံဝယ်ယူရေးအေဂျင်စီဖြစ်တဲ့  ဘူးလော့ဂ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလျက်ရှိပြီး ဆန်တန်ချိန် နှစ်သိန်းဝယ်ယူရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနဲ့ ဇန်နဝါရီ ၂၈ ရက် ညနေ ၆နာရီခွဲက ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ကြောင်း သိရပါတယ်။ MOU ကို ဘူးလော့ဂ်ဥက္ကဋ္ဌ Mr.Alimoeso နဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့က လက်မှတ်ရေးထိုးခဲ့တယ်လို သိရပါတယ်။ အဆိုပါအခမ်းအနားကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Sumarsono  တို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ဘူးလော့ဂ်အဖွဲ့ဟာ ဇန်နဝါရီ ၂၇ ရက်မှာလည်း နေပြည်တော်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နဲ့လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆန်၊ ကြံနဲ့ ပဲပုပ်တို့ကိုလည်း ဝယ်ယူလိုကြောင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမြင့်လှိုင်နဲ့လည်းတွေ့ဆုံပြီး ဆန်စပါးကဏ္ဍ၊ ကြံကဏ္ဍနဲ့ ပဲမျိုးစုံကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံ လိုကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
''မြန်မာနိုင်ငံက ဆန်တန်ချိန်နှစ်သိန်းကို ၂၀၁၂ခုနှစ်အတွင်းမှာ ဝယ်ယူဖို့ရှိပါတယ်။ ဝယ်ယူမယ့်ဆန် အမျိုးအစားတွေက ဆန်ဖြူ ၅မှတ်၊ ၁၀မှတ်၊ ၁၅မှတ်နဲ့ ၂၅မှတ် ဆန်တွေပါ၊ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ပထမနဲ့ ဒုတိယ Shipment ကိုစပြီး တင်ပို့ဖို့သဘောတူထားပါတယ်'' လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသူရအေးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နှစ်စဉ် လူဦးရေတိုးပွား လာနေတာနဲ့အမျှ ပြည်တွင်း ထုတ်လုပ်မှုနဲ့ မလုံ လောက်တဲ့အတွက် နှစ်စဉ် ပြည်ပဆန်တင်သွင်း နေရလျက်ရှိရာ အမေရိကန် စိုက်ပျိုးရေးဌာန စာရင်းအရ ၂၀၁၀-၂၀၁၁ မှာ တန်ချိန် ၂ ဒသမ ၇၈ သန်းခန့်  တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တင်ပို့မှုကိုကြည့်ရင် ယခင် ၂၀၀၁-၂၀၀၂ နဲ့ ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်ဝန်း ကျင်က ဆန်တန်ချိန် တစ်သိန်းအထက် တင်ပို့ခဲ့ ရာမှ နောက်ပိုင်းနှစ်တွေမှာ တန်ချိန် ထောင်ဂဏန်း ကိုသာ လျော့ကျတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
''ကျွန်တော်တို့က ပြည်ပကနေ လစဉ် စား အုန်းဆီတန်ချိန် နှစ်သောင်းနဲ့ သုံးသောင်းကြား သွင်းနေရတယ်၊ အင်ဒိုနီးရှားက ကမ္ဘာမှာ စားအုန်း ဆီ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံပဲ၊ လက်ရှိဈေးအရ စားအုန်းဆီတစ်တန်ကို ဆန်သုံးတန်နဲ့ညီတော့ အပြန်အလှန် ကုန်ပစ္စည်း ဖလှယ်တဲ့စနစ် (Barter System) နဲ့ ရောင်းနိုင်ရင် ပိုကောင်းမယ်လို့ထင် တယ်'' လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဝင် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                        
လမင်း