လယ်ယာထွက်သီးနံှများ၏ ဘေးထွက်ပစ္စည်းများနှင့် ထုတ်လုပ်သော တိရစ္ဆာန်စာများ တင်ပို့မှုဖြင့် ဝင်ငွေကန်ဒေါ်လာသန်းပေါင်း များစွာရရှိနေသော ဗီယက်နမ်

Fri, 07/13/2012 - 06:33 -- Anonymous (not verified)

ဗီယက်နမ်ကုမ္ပဏီများစွာသည် သီဟိုဠ်သီးအခွံများနှင့် ကြံကြိတ်တ်ဖတ်များကဲ့သို့သော လယ်ယာ ထွက်ကုန် ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ တိရစ္ဆာန်စာများ ထုတ်လုပ်ကာ ပြည်ပသို့တင်ပို့ခြင်းဖြင့် တစ်နှစ်လျှင် ဝင်ငွေကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေသည်ဟု သိရသည်။ သီဟိုဠ်သီးအခွံမှ ဆီထုတ်၍ ပြည်ပသို့တင်ပို့ရာ ယခင်နှစ်က တန်ချိန် ၆၀၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာသန်း ၅၀ ရရှိခဲ့သည်ဟု Phue Dung Company က ပြောကြားသည်။

ယင်းကုမ္ပဏီသည် Binh Phuoc ပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည်ဟု သိရသည်။ အဆိုပါ ပြည်နယ်တွင် တစ်နှစ်လျှင် သီဟိုဠ်သီးအခွံတန်ချိန် ၁၀၀,၀၀၀ ကို ပြုပြင်၍ ထုတ်လုပ်နိုင်သော ကုမ္ပဏီ ၁၅ ခုဝန်းကျင်ရှိကြောင်း ၊ သီဟိုဠ်သီးအခွံမှထုတ်သော ဆီကိုလက်ရှိဈေးကွက် ဝယ်လိုအား ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း ၊ သီဟိုဠ်သီးမှ ဆီထုတ်လုပ်သည့် လုပ်ငန်းသည် သီဟိုဠ်စေ့ ထုတ်လုပ်သည့် လုပ်ငန်းနှင့်အပြိုင် ဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။

ယခုအခါ ဗီယက်နမ်ကုမ္ပဏီများသည် သီဟိုဠ်သီးအခွံအပြင် လိမ္မော်ခွံများ ၊ နာနတ်သီးအခွံများနှင့် နဂါးမောက်သီးအခွံများကိုပါ ပြုပြင်ထုတ်ပိုး၍ တိရစ္ဆာန်စာအဖြစ် တင်ပို့ကာ ဝင်ငွေရရှိလျက်ရှိသည်ဟု ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း (Vinafruit) က ပြောကြားသည်။ ဟိုချီမင်းအခြေစိုက် Kim Nghia ကုမ္ပဏီသည် လစဉ်လတိုင်း ကြံကြိတ်ဖတ်များ ၊ နာနတ်သီးအခွံများ ၊ လိမ္မော်သီးအခွံများနှင့် ပီလောပီနံရွက်များမှ ပြုပြင်ထုတ်လုပ်ထားသော တိရစ္ဆာန်စာများကို ကွန်တိန်နာအလုံး (၃၀) ကျော် (ကွန်တိန်နာ တစ်လုံးလျှင် တန်ချိန် ၂၄-၂၆ ဝန်းကျင်လေးသည်) ဖြင့် တင်ပို့ကာ ဝင်ငွေများစွာရလျက်ရှိ ကြောင်း၊ ဂျပန်နိုင်ငံမှ တိရစ္ဆာန်စာအဖြစ် ဝယ်ယူနေကြောင်း သိရသည်။ သိုသော် ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် သန့်ရှင်းမှုကို အထူးအလေးထားပြီး တင်းကျပ်သော စည်းမျဉ်းများ သတ်မှတ်ထားသဖြင့် ယင်းကုန်စည်များမတင်ပို့မီ သေချာစွာစစ်ဆေးရကြောင်း ၊ ဂျပန်သည် နို့စားနွားများနှင့် အသားစားနွားများအတွက် အစာကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး အကုန်အကျခံကာ တင်သွင်း လျက်ရှိသော်လည်း ဗီယက်နမ်အနေဖြင့် ယင်းပမာဏ၏ ၁% ကိုပင် ပြည့်မီအောင် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

တောင်ကိုရီးယားကလည်း ယင်းသို့သော တိရစ္ဆာန်စာများကို ဝယ်လိုအားမြင့်မားကြောင်း ၊ သို့သော် ဗီယက်နမ် အနေဖြင့် ဝယ်လိုအားကို ပြည့်မီအောင် မစွမ်းဆောင်နိုင်သေးကြောင်း Vinafruit မှ ဒုဥက္ကဌက ပြောကြားသည်။

Source: vietnamnet.vn

Date : 9 July 2012

pa pa