“အာဆီယံယှဉ်ပြိုင်မှုသဘောတူစာချုပ်” ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများစတင်ကြောင်း ကြေညာခြင်း

Tue, 09/20/2022 - 10:45 -- competition

         အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာကိစ္စရပ်များ နယ်စပ်ဖြတ်ကျော် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေနိုင်မည့် တရားဝင်ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တစ်ခုအဖြစ် “အာဆီယံယှဉ်ပြိုင်မှုသဘောတူစာချုပ် (ASEAN Framework Agreement on Competition-AFAC)” ကို စတင်ရေးဆွဲသွားရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ပထမအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (ASEAN Heads of Competition Agencies-AHCA) အစည်းအဝေး” တွင်ဆွေးနွေးသဘောတူညီခဲ့ကြပါသည်။

           “အာဆီယံယှဉ်ပြိုင်မှုသဘောတူစာချုပ်” ရေးဆွဲရေးအတွက် လမ်းညွှန်အခြေခံမူများ (Guiding Principles) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆွေးနွေးခဲ့ကြရာ လုပ်ငန်းအဖွဲ့အဆင့်(Working Group Level)အစည်းအဝေး (၁၀)ကြိမ်နှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲအဆင့်အစည်းအဝေး (၃)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ဆွေးနွေးမှုများမှ ရရှိအတည်ပြုခဲ့သော လမ်းညွှန်အခြေခံမူများကို (၅၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး (AEM) သို့ တင်ပြအတည်ပြုခဲ့ပြီးဖြစ်ပါသည်။ စီးပွားရေးဝန်ကြီးများက “အာဆီယံယှဉ်ပြိုင်မှုသဘောတူစာချုပ်” ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်ရန် ကြေညာပေးခဲ့ပါသည်။

           “အာဆီယံယှဉ်ပြိုင်မှုသဘောတူစာချုပ်” ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် အာဆီယံဒေသတွင်း နိုင်ငံအလိုက်ဖွဲ့စည်းထားသော ယှဉ်ပြိုင်မှုကော်မရှင်များအနေဖြင့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် အမှုကိစ္စများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်းကြောင့် လူအင်အား၊ ငွေကြေးအင်အား၊ အခြေခံအဆောက်အဦ အစရှိသည့် ရင်းမြစ်များ သုံးစွဲမှုသက်သာစေနိုင်ပြီး အဖွဲ့အစည်းအချင်းချင်း အတွေ့အကြုံများမျှဝေနိုင်ကာ အမှုကိစ္စများဖြေရှင်းရာတွင်လည်း ဆုံးဖြတ်ချက်များ တသမတ်တည်းဖြစ်စေရန်နှင့် ဆုံးဖြတ်ချက်များ ကွဲလွဲမှုမရှိစေရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ပါသည်။