ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Mon, 11/30/2015 - 12:05 -- ictuser

ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို အသိပညာဖြန့်ဝေပေးရန်အတွက် ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲကို ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program - CLIP) အရ AANZFTA ၏ အထောက်အပံ့ဖြင့် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချ ဘောဂဗေဒဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပုဂ္ဂလိက ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်မြို့ရှိ ကုန်သွယ်ရေးသင်တန်းကျောင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းမှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံ သံအမတ်ကြီး Mr. Nicholas Coppel မှလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး တို့မှလည်းကောင်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲအား ယှဉ်ပြိုင်မှုမူဝါဒ၊ ဥပဒေနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ဥပဒေသစ်နှင့်ပတ်သက်သည့် တိုးတက်မှုအခြေအနေများကို ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုသိရှိနားလည်စေရန်၊ ပုဂ္ဂလိက ကဏ္ဍအတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ၎င်းတို့၏ နားလည်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှုကို မြှင့်တင်ရန်၊ သြစတေးလျယှဉ်ပြိုင်မှု ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာ တာဝန်ရှိသူများအကြား ဗဟုသုတနှင့် အတွေ့အကြုံများ ဖလှယ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။