ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုစနစ်တွင် H.S Code 2012 Version ပြောင်းလဲသုံးစွဲတော့မည်

Tue, 02/28/2012 - 06:39 -- Anonymous (not verified)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက် ထားခြင်း၊ စိစစ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များ အားဆောင်ရွက်လျက်ရှိရာလိုင်စင်လျှောက်ထားရာမှာ အခြေခံ အကျဆုံးဖြစ်တဲ့ ကုန်ပစ္စည်း အမည်များနှင့် ယူနစ် (Unit) သတ်မှတ်ချက်များအား အာဆီယံစည်းဝါးညီ အကောက်ခွန် နှုန်းအမည်ပေးစနစ် H.S Code (၂၀၀၇) ဖြင့် သတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို ဆောင်ရွက်တဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်း ရပ်များနဲ့ဆက်စပ်နေတဲ့ အကောက်ခွန်ဦးစီးဌာန၊ ဆိပ်ကမ်းစစ် ဆေးရေးနှင့် ဗဟိုစာရင်းအင်း အဖွဲ့တို့မှာ စာရင်းဇယားပြုစုသည့် ပုံစံ တစ်ပြေးညီဖြစ်သွားမှာဖြစ်ပြီး အသစ်ပြောင်းလဲမည့်  H.S Code (၂၀၁၂) စနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ပြောင်းလဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ H.S Code (၂၀၁၂)စနစ်တွင် ကုန်ပစ္စည်းအမယ်များ၏  Unit Code အမျိုးအစား ၁၂ မျိုးသာရှိပြီးတော့ သက်ဆိုင်ရာ H.Sလိုင်းအလိုက် Unit Code စံသတ်မှတ်ထားရှိပြီးဖြစ်တဲ့ အတွက် လုပ်ငန်းရှင်များဟာ ပြည်ပကုမ္ပဏီများနှင့် ကုန်ပစ္စည်း အရောင်းအဝယ် ဆောင်ရွက် သည့် Invoice,Sale Contract  ဆောင်ရွက်ရာမှာလည်းကောင်း၊ လိုင်စင်လျှောက်ထားရာမှာ လည်းကောင်း  အဆိုပါ H.S Code စံသတ်မှတ်ချက်အတိုင်း လျှောက်ထားရမှာဖြစ်ပါတယ်။ HS Code သည် Custom ဆိုင်ရာ ကုန်ပစ္စည်းအမျိုးအစား ခွဲခြားမှုသာမက Trade Statistics, Trade Negotiation များ ပြုလုပ်ရာတွင် အသုံးပြုလျက်ရှိပြီး၊ Standard Unit Code ၁၂ ခုရှိပါတယ်။ဥပမာ အလေးချိန်နှင့်ပတ်သက်လျှင် ကီလိုဂရမ်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး ခြွင်းချက်အနေဖြင့် ကျောက်မျက်များနှင့် ပတ်သက်ပါက ကာရက်ကို အသုံးပြုရမည်ဖြစ်ပါတယ်။ အရှည်ကို တိုင်းတာမည်ဆိုပါက မီတာကို အသုံးပြုရမည် ဖြစ်ပါတယ်။လက်ရှိအသုံးပြုနေတဲ့ HS Code 2007 နဲ့ အသစ်ပြောင်းလဲ ဆောင်ရွက်သွားမယ့် HS Code 2012 မှာ သုံးစွဲမယ့် Unit Code ခြားနားမှုတွေကတော့ တစ်ဖက်ပါအတိုင်းဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ အဆင်ပြေစေဖို့ အတွက် ဌာနဘက်က HS Code စတင်ပြောင်းလဲ အသုံးပြုတဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေစေဖို့ လုပ်ငန်းရှင်များအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်လျှောက်ထားမဲ့ ပစ္စည်းတစ်ခုရဲ့ unit code တစ်ခုကို HS 2012 မှာ ကြိုတင်လေ့လာထားပြီး Invoice, Sale Contract တို့မှာ အဲဒီ unit code အတိုင်းဖြစ်အောင် လျှောက် ထားရပါမယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ကတော့  ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ အခြားဌာနများနဲ့ သာမက နိုင်ငံတကာနဲ့ပါ တစ်ပြေးညီဖြစ်ဖို့အတွက် စံသတ်မှတ်ထားတဲ့ Unit Code များကို သာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးပိုင်းမှာပါ အသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒါဟာ မိမိတို့နိုင်ငံ တစ်ခုတည်းက သီးခြားဆောင်ရွက်တဲ့ စနစ်မဟုတ်ဘဲ အာဆီယံနိုင်ငံ များနဲ့ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးမှာ စံတစ်ခုအဖြစ် လက်ခံကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ အတွက် ပြည်ပနိုင်ငံများနဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်နေတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေနဲ့ ပါဝင်လိုက်ပါဆောင်ရွက်သွားနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။