ပို့ကုန်ပစ္စည်းများ၏ ကုန်သွယ်လုပ်ငန်းခွန်များကို ခြောက်လဆက်လက် ကင်းလွတ်ခွင့်ပြုခြင်း

Mon, 02/27/2012 - 09:22 -- Anonymous (not verified)

နိုင်ငံတော်၏ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို ဦးစားပေးသည့်အနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ရေချို ရေငန်ရေထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်း များမှအပ)စသည့် ပို့ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးနှင့် ပုဂ္ဂလိကဆိုင်ရာ သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သည့် တန်ဖိုးမြင့်ပစ္စည်းများ၏ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်း ခွန်အား ၂၀၁၁ ခုနှစ် သြဂုတ်လမှစ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ကင်းလွတ်ခွင့်ပြုခဲ့ ပါသည်။
ယခုအခါ ယင်းကဲ့သို့ ကုန်သွယ်ရေးလုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကို ဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ် ၁၄ ရက်အထိ ခြောက်လ ဆက်လက်အကျိုးသက် ရောက်စေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါသည်။
ထို့အပြင် ပုဂ္ဂလိက လက်ခစားလုပ်ငန်း (CMP) စနစ်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများမှ နိုင်ငံခြား ငွေရရှိမှုအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ပေါ့သက်သာခွင့် ကိုလည်း  ၂၀၁၁ ခုနှစ် သြဂုတ်လမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အထိ ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား ယခုအခါဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်အထိ ခြောက်လဆက်လက် အကျိုးသက်ရောက်စေ ကြောင်း အမိန့်ကြော်ငြာစာ ကိုလည်း ထုတ်ပြန်လိုက်ပါသည်။
သို့ဖြစ်ရာ အဆိုပါပြည်ပပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ရေးနှင့် (CMP) လက်ခစားစနစ် ပိုမိုအောင်မြင် စွာဆောင်ရွက်စေရေး တို့အတွက် ထိရောက်စွာပံ့ပိုးပေးသည့် သတင်းကောင်းဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်း ရှင်များ အားထည့် ဆောင်ရွက်နိုင်ရေး အတွက် အသိပေးလိုက်ပါသည်။       
ဒေါက်တာခင်ဦးမေ