အရည်အသွေးမြင့် မြန်မာ့ရာဘာတင်ပို့မှု

Thu, 05/09/2013 - 04:48 -- admin

အရည်အသွေးမြင့် မြန်မာ့ရာဘာတင်ပို့မှု မြန်မာနိုင်ငံသည် စိုက်ပျိုးနိုင်သည့် မြေနှင့်ရေအရင်းအမြစ်များ ကြွယ်ဝသည့်အပြင် သမမျှတသည့် ရာသီဥတု အခြေခံကောင်းများရှိသည့် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ၊ အဓိကလယ်ယာထွက်ကုန်အမယ် တစ်မျိုး ဖြစ်သည့် ရာဘာကိုလည်း ၁၈၇၆ ခုနှစ်မှစတင်စိုက်ပျိုးကာတစ်နှစ်ထက်တစ်နှစ်ပိုမိုစိုက်ပျိုးလျက်ရှိပါသည်။ ရာဘာအား ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရာဘာတုနှင့် သဘာဝရာဘာဟူ၍ နှစ်မျိုးရှိကာ ရာဘာအရည်အသွေးအလိုက်အဆင့် (၅) ဆင့်သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံသည် ပြည်ပဝင်ငွေရရှိရေးအတွက် ရာဘာစိမ်းအား တင်ပို့ရောင်းချလျက်ရှိရာ ပင်လယ်ရေကြောင်း မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၆၆၀၀ ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၃၀၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ( ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ) တွင် တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်က RSS (1) , RSS (3) , RSS (5) , MSR (20) , MSR (50) နှင့် Crepe Rubber များကိုသာ တင်ပို့ လျက်ရှိရာမှ လက်ရှိဘဏ္ဍာနှစ်တွင် RSS (2) အဆင့်နှင့်ညီမျှသည့် MSR (TSR) (10) ကိုစတင်တင်ပို့လျက် ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်က MSR (TSR) 20 အဆင့်ရှိ Crepe Rubber ကိုသာ စက်ရုံများမှ ထုတ်လုပ် နိုင်ခဲ့ပြီး၊ ယခုအခါ MSR (TSR) 10 အဆင့်ရာဘာကို ထုတ်လုပ်နိုင်ကာ ပြည်ပသို့ စတင်တင်ပို့ရောင်းချ နိုင်ရန် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း လျက်ရှိကြပါသည်။ ထို့အပြင် ကမ္ဘာ့ရာဘာဝယ်လိုအား အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ယမန်နှစ် ဒီဇင်ဘာလ အတွင်းကုန်ထုတ်လုပ်မှုနှုန်းတိုးတက်ခဲ့ကြောင်း အစီရင်ခံစာထွက်ရှိခဲ့ခြင်းကြောင့် ရာဘာဝယ်လိုအား မြင့်မားလာမည်ဟု ခန့်မှန်းလာကြပါသည်။ ဝယ်လိုအားမြင့်မားလာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း မြင့်တက်လာနိုင်ခြင်းကြောင့် ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့အရည်အသွေး အဆင့်အတန်း သတ်မှတ်ချက်နှင့်အညီ အရည်အသွေးမြင့် ရာဘာများအား ပိုမိုထုတ်လုပ်ပြီး ဈေးကွက်ပိုမိုရရှိရေး ဆောင်ရွက်သွားနိုင်ပါရန် သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ စန္ဒာထွန်း (ပို့ကုန်)