ရေမြေခြားလည်းရောက်အောင်သွားမည့် ခရမ်းသီးနှင့် ပဲပုစွန်သီး

Fri, 12/07/2012 - 09:35 -- Anonymous (not verified)

ခရမ်းသီးဆိုလျှင် မြန်မာအိမ်ရှင်မတို့ စားဖိုချောင်တွင် နေ့စဉ်မိသားစု စားသောက်ရေးအတွက် ဗီတာမင်ဓာတ် အားဖြည့်အသီးအနှံများအနက်အဓိကသုံးစွဲသော အမာခံဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ခရမ်းသီး ကို မြန်မာတို့၏ မိသားစုစားသောက်ဝိုင်းများနှင့် အလှူမင်္ဂလာဧည့်ခံပွဲများ၌ သီးစုံချဉ်ရည်ဟင်းလျာ ချက်ပြုတ်ရာတွင် မပါမဖြစ် အဓိကစားသုံးသည့်သီးနှံလည်းဖြစ်ပြီး ခရမ်းသီးတစ်မျိုးတည်း ကြက်သွန်ဖြူနှင့် နှပ်၍ ချက်ပြုတ်စားသောက်ခြင်း၊ပုစွန်ခြောက်၊ငါးခြောက်အမျိုးမျိုးတို့နှင့်ရောနှောချက်ပြုတ်စားသောက်ခြင်း၊ အခြား မည့်သည့် အသား၊ငါးများနှင့်မဆို ရောနှောချက်ပြုတ်စားသောက်လျှင် အရသာရှိရှိနှင့် ထမင်းမိန်မိန် စားသုံးနိုင်ရန် အဓိကဖြည့်စွက်ပေးသော ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ခရမ်းသီးတွင် အတောင့်အရှည် အမျိုးအစားနှင့် အလုံးအဝိုင်းအမျိုးအစား နှစ်မျိုးရှိပြီး အလုံးအဝိုင်းကို မီးဖုတ်၍ ကြက်သွန်နီ၊ ကြက်သွန် မြိတ်၊နံနံပင်၊မြေပဲ၊ နှမ်း တို့ဖြင့် ရောနှောပြီး သုတ်၍ မိသားစုထမင်းစားသောက်ဝိုင်းများတွင် အဓိက ဟင်းလျာတစ်မျိုး အဖြစ် စားသုံးကြပါတယ်။ ထိုအတူ ပဲပုစွန်သီးကိုလည်းမြန်မာစားဖိုချောင်များတွင် ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြသည် ကိုလည်းတွေ့ရှိရပါတယ်။ချဉ်ရည်ဟင်းချက်၍ စားသုံးခြင်းအပြင် ပဲပုစွန်သီးကို ရေနွေးဖြင့်ပြုတ်ပြီး ကြက်သွန်နီ၊ မြေ ပဲဆံအမှုန့်တို့ဖြင့် ရောနှောပြီး သုတ်၍စားသုံးပါကလည်း အလွန်နှစ်ခြိုက်ဖွယ် ကောင်းလှပါ တယ်။ ပဲပုစွန်သီးကို ကျေးလက်ဒေသများတွင် “ မောင်မခွာသီး“ ဟုခေါ်ဆိုကြောင်းလည်း လေ့လာသိရှိရပါတယ်။ ပဲပုစွန်သီးစားကောင်းလို့ မောင်ကြီးတောင်မခွာနိုင်ဘူးလို့ထင်ပါတယ်။ ပဲပုစွန်သီးကို မြန်မာနိုင်ငံအတွင်း နေရာဒေသမရွေး စိုက်ပျိုးထွက်ရှိပါတယ်။စိုက်ပျိုးရာတွင်လည်း စရိတ်စကအကုန်အကျခံစိုက်ပျိုးစရာမလိုဘဲ ကျေးလက်ဒေသများရှိအိမ်ခြံဝင်းများတွင် လွယ်လွယ်ကူကူ စိုက်ပျိုးထွက်ရှိသောအသီးအနှံဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအထောက်အကူ ရရှိစေမှာဖြစ်ပါတယ်။ ယခုလိုအရသာရှိလူကြိုက်များလှတဲ့ ခရမ်းသီးနှင့် ပဲပုစွန်သီးကို ပြည်တွင်း၌စားသုံးကြသည်သာမက ပြည်ပသို့ပင် တင်ပို့ရောင်းချနေပြီဖြစ်ရာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတစ်စိတ်တစ်ပိုင်း ရရှိနေပြီ ဖြစ်ပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲတွင် ပြည်တွင်းကုမဏီတစ်ခုမှ မြန်မာ့ခရမ်းသီးနှင့် ပဲပုစွန်သီးများကို စင်္ကာပူနိုင်ငံသို့ တင်ပို့ရောင်းချရန် ပို့ကုန်လိုင်စင် လာရောက်လျှောက်ထားသည်ကို သိရှိရပါတယ်။ မြန်မာ့လယ်ယာထွက်ကုန် စားဖိုချောင်သုံး သီးနှံများကို နိုင်ငံတကာက လူကြိုက်များပြီး အသိအမှတ်ပြု ဝယ်ယူလာကြပြီဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် ရော နိုင်ငံတော်အတွက်ပါ ဝင်ငွေရရှိတော့မှာဖြစ်ပါတယ်။ ခရမ်းသီးကို မြန်မာနိုင်ငံတော်အတွင်းနေရာဒေသ မရွေး စိုက်ပျိုးထွက်ရှိပါတယ်။ မြေစမ်းခရမ်းပျိုးဆိုသည့် မြန်မာ့ဆိုရိုးအတိုင်း ခရမ်းသီးကို မည့်သည့်မြေအမျိုးအစားတွင်မဆို ပေါက်ရောက် ဖြစ်ထွန်းနိုင်သည့် သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဈေးကွက် အခွင့်အလမ်းများ ရရှိနေပြီဖြစ်တဲ့ မြန်မာ့လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အနေဖြင့် မြေလွတ် မြေလပ် မကျန် စိုက်ပျိုးထုတ်လုပ်နိုင်ပါက စားဝတ်နေရေးများ ပြေလည် စေမည့်အပြင် လူမှုဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း သတင်းကောင်း ရေးသား တင်ပြလိုက်ပါတယ်ခင်ဗျာ ။ သန်းအုံး(DOT)