ပလတ်စတစ်သုံးလျှင်အသိယှဉ်၊ ပြည်ခွင်သာဖို့အလေးထားစို့

Thu, 05/09/2013 - 04:46 -- admin

ပီနန်အိတ်အဟောင်းလေးကိုလွယ် လျှာထိုးဦးထုပ်အဟောင်းလေးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ခပ်နွမ်းနွမ်း အဝတ်အစားတို့ဖြင့် သူတို့အများစုမှာဤသို့တည်း။ သူတို့ကိုအများအားဖြင့်မြန်မာပြည်ရှိ မြို့ / ရွာများ၏ လမ်းပေါ်၊ လမ်းကြားအမှိုက်ပုံများတွင်တွေ့ရတတ်သည်။သူတို့က ပလတ်စတစ်အစများနှင့် ပုလင်းအဟောင်းများကို လိုက်လံကောက်ယူ၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်သည်။ သူတို့၏ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံနှင့် သူတို့အကြောင်း တစ်စွန်းတစ်စကြားတော့ သူတို့ကို အဆိုးမြင်ဝါဒ ( သို့ ) မကောင်းမြင်စိတ်ထားနှင့် စိတ်ထဲတွင် အထင်သေးမိခဲ့သည်။

               မဟာရန်ကုန်မြို့တော်ကြီးတွင် တာဝန်ထမ်းဆောင်စဉ် လိုင်းကားဖြင့်နေ့စဉ်ရုံးတက်ခဲ့ရာတွင် တစ်နေ့သ၌ ပြူတင်းပေါက်ဘေးထိုင်နေသူခရီးသည်တစ်ဦးမှာ ကွမ်းယာ ကိုတမြုံ့မြုံ့ဝါးနေရင်းက နှုတ်ခမ်းတွင် ပေကျံနေသော ကွမ်းတံတွေးများကို လျှာဖြင့်သပ်ကာ ကွမ်းတံတွေးကို ကားအပြင်သို့ ပြွတ်ကနဲထွေးထုတ်လိုက်သည်။ ကွမ်းတံတွေးများသည် ကားလမ်းမပေါ်နှင့်ကားဘေး နံရံများကို စွန်းပေညစ်ပတ်သွား မည်မှာအမှန်ပင်။ ထို့နောက် ကွမ်းယာထုတ်သည့် ပလတ်စတစ်အိတ်လေးကို အပြင်သို့လွှင့်ပစ်လိုက်ရာ ပလတ် စတစ် အိတ်လေးသည် လေထဲ ဝဲပျံကာလေနှင်ရာ လွင့်ပါသွားသည်။ များမကြာမီ အစ်မကြီးတစ်ဦးက စားကြွင်းစားကျန် ပလတ်စတစ် ထုပ်အား ပြူတင်းပေါက်မှ အပြင်သို့ လွှင့်ပစ်လိုက် ပြန်၏။ အမှိုက်ထုပ်လေးသည် လမ်းဘေးတွင်အမှိုက်လှည်း နေသော စည်ပင်သာယာ ဝန်ထမ်းအဒေါ်ကြီးနံဘေးသို့ ဘုတ်ကနဲကျသွားသည်။ အဒေါ်ကြီး၏မျက်လုံးအစုံသည် သိန်းငှက် တို့၏ မျက်လုံးအစုံအလား စွေ့ကနဲတစ်ချက် ကြည့်လိုက်ပြီး ခပ်ပြင်းပြင်း မျက်စောင်းတစ်ချက်ကို ကားပေါ်သို့ ပစ်တင်လိုက်သည်။ နှုတ်မှပွစိပွစိ နဲ့ မကျေနပ်သော အမူအရာက မျက် နှာပေါ်တွင်  ပေါ်လွင်နေသည်။ သူမ ဘာပြော နေမည်ကို မကြားရပေမယ့် သိနေသည်။ “စည်းကမ်းမရှိ ပေါက်လွှတ် ပဲစားတွေ” စသဖြင့် ဆုတောင်းမေတ္တာ ပို့သနေမည် သာဖြစ်ပေမည်။ ထို့နောက်အဒေါ်ကြီးသည် အမှိုက်ထုပ်ကလေးကို တာဝန်ဝတ္တရား ကျေပွန်စွာဖြင့် ကောက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်ပါတော့သည်။

            ထိုထိုဤဤ မြင်ကွင်းများကြောင့် အတိတ်၏အရိပ်မျက်ဝန်းထဲတွင် ပလတ်စတစ်ကောက်နေသော သူတို့၏ ပုံရိပ်လေးတွေ ပေါ်လာပြီး ယနေ့ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက် လာသော ပလတ်စတစ်၏အန္တရာယ်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိတရားဖြင့် သမာအာဇီဝကျစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသူများ ပါတကားဟု အကောင်းမြင် ဝါဒဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ သူရဲကောင်းကလေးများဟု ရင်ထဲက မှတ်တမ်း တင် ဂုဏ်ပြု ချီးမွမ်းထောပနာပြုနေမိသည်။

         ပလတ်စတစ်တို့၏ဆိုးကျိုးများကပြောမဆုံးပေါင်၊တောသုံးတောင်ဆိုသလို ပလတ်စတစ်နှင့် ပြုလုပ်ထား သော ပစ္စည်းများသည် ဆွေးမြေ့ရန်နှစ်ပေါင်းအနည်းဆုံး (၃၀)ခန့် ကြာမြင့်တတ်သည်ဟုသိရှိရပြီး ပလတ်စတစ်တွင် ပါသော ဓါတုပစ္စည်းတို့က အပူနှင့်ထိတွေ့သောအခါ ဓာတုအဆိပ်အဖြစ်ပျော်ဝင်ပြီး လူကို ရောဂါဖြစ်စေသလို မီးရှို့ဖျက်ဆီးပါကလည်း ထွက်ရှိလာသောအခိုးအငွေ့တို့က လေထုညစ်ညမ်းမှုဖြစ်စေကာ လူကိုဒုက္ခပေးတတ်သည်။ စည်းကမ်းမဲ့စွန့်ပစ်သောပလတ်စတစ်ပစ္စည်းတို့က ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုဖြစ်စေ ကာ ရေစီးမြောင်းများပိတ်၍ မြို့များပေါ်တွင် ရေလျှံခြင်း၊ သစ်ပင်ပန်းပင်များစိုက်ပျိုးရာတွင် ရှင်သန်ပေါက်ရောက်မှုအားနည်းခြင်းတို့ကို ဖြစ်ပေါ် စေသည်။ ပလတ်စတစ် ဆိုးကျိုး များနှင့်ပတ်သက်၍ နောက်ဆုံးသိရှိရသည့်သတင်းတခုမှာ မြန်မာ့ရိုးရာ အကြော်မုန့် များပြုလုပ်ရာတွင် ဆီကိုအကြော်ခံစေရန်နှင့် ကြော်ပြီးသားအကြော်များ တာရှည် အထား ခံစေရန်၊အကြော်၏ အရည် အသွေးတစ်ခုဖြစ်သည့် ကြွရွမှုပိုမိုကောင်းမွန်စေရန် ပလတ်စတစ် တွေကို ဆီထဲထည့် ကြော်ပြီး အသုံးပြုကြောင်း သိရှိရသည်။ ပလတ်စတစ်နှင့်ပတ်သက်၍ လူထုပညာပေးမှုကို ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့် သွင်း ပညာပေးမှုများပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ပလတ်စတစ် စွန့်ပစ္စည်းများလျှော့ချကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုရန် ပလတ်စတစ် အသုံးပြုခြင်းနှင့်သက်ဆိုင်သော လူတိုင်းလိုက်နာဆောင်ရွက်ရန် နည်းလမ်  ( ၅ ) မျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁) Reduce ( အသုံးပြုမှုလျော့ချခြင်း )

(၂) Reuse ( အမှိုက်အဖြစ်စွန့်ပစ်ခြင်းမရှိဘဲပြန်လည်အသုံးပြုခြင်း )

(၃) Recycle ( ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း )

(၄) Reject ( အသုံးပြုရန် မလိုအပ်ပါက သုံးစွဲဖို့ငြင်းပယ်ခြင်း )

(၅) Return ( သုံးပြီးအိတ်ခွံများအား စုစည်းထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာသို့ ပြန်ပို့ရန် )

           ပလတ်စတစ်ပစ္စည်းတို့မှာ အရောင်အသွေးအရွယ်အစားစုံလင်၍ ပေါ့ပါးခိုင်ခန့်ပြီး သယ်ယူသိမ်းဆည်းရ လွယ်ကူသောကြောင့် လွတ်လပ်ပေါ့ပါးမှုကိုခုံမင်မြတ်နိုးတတ်သော လူတို့၏သည်းခြေကြိုက် ပစ္စည်းတစ်မျိုး ဖြစ်နေ လေသည်။ ပလတ်စတစ်နှင့်ပြုလုပ်သောပစ္စည်းတို့မှာ ပလတ်စတစ်ကြိုးမှစ၍ စက်မှုကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးအထိ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲနေကြပြီဖြစ်သည်။ မသုံးလည်းခက်၊ သုံးလည်းခက်တဲ့ ပလတ်စတစ် ပစ္စည်းတို့ကို မသိသူကျော်သွား၊ သိသူဖော်စားဆိုသလို နည်းပညာ ကြွယ် ဝသောနိုင်ငံတို့က Recycle ပြန်လည် ပြုလုပ်ပြီး တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ အသုံးပြုပြီးစွန့်ပစ် ပလတ်စတစ် ပစ္စည်းများကို နိုင်ငံတကာသို့ ပို့ကုန်အမယ်တစ်မျိုးအဖြစ် တင်ပို့ရောင်းချနေသည်။ ပလတ်စတစ်ပစ္စည်းတင်ပို့မှုနှင့် ပတ်သက်၍ ၂၀၁၀-၂၀၁၁ ခုနှစ် တွင် ခန့်မှန်းတန်ဘိုး အမေရိကန်ဒေါ်လာ ၃၃၀၀၀၀ ခန့်၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ခန့်မှန်းတန်ဘိုး မေရိကန်ဒေါ်လာ ၇၈၀၀၀၀ ခန့်ကို တရုတ်၊ စင်္ကာပူ၊ သြစတြေးလျ၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်းနှင့် အာရပ်စော်ဘွားများ နိုင်ငံများ သို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရပေသည်။

           ယနေ့နိုင်ငံတော်အစိုးရသစ်သည် ပြည်သူကို ဗဟိုပြု၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည် ချီတက် နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင်သာ                ‌  ‌သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း၊ ငြိမ်းချမ်းမှုနှင့်အတူ ကမ္ဘာ လှည့်ခရီးသည်တို့က ဝင်လာမစဲ တသဲသဲနှင့်ရှိနေပြီး မကြာမီ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား အိမ်ရှင်နိုင်ငံအနေဖြင့် အဆင့်အတန်းမှီစွာ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မြန်မာဟေ့ဆိုပြီး ကြွေးကြော်ဝင့်ကြွားနိုင်အောင် နိုင်ငံတော်အစိုးရသည် ဘက်စုံထောင့်စုံမှ အတွေးသစ်အမြင်သစ်များဖြင့် လုပ်ဆောင် အကောင် အထည်ဖော်ဆောင်နေပြီဖြစ်သည်။ ဤတွင်မသုံးတတ်လျှင်ဘေး၊ သုံးတတ်လျှင်ဆေးဆိုသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေမှုကို ခြိမ်းခြောက်လာသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြည်သူများ ၊ ဝန်ထမ်းများအားလုံးကပါ ကိုယ်စီတာဝန်ဖြင့် အသိတရားလက်ကိုင်ထားကာ လိုက်နာဆောင်ရွက်သွားကြရန် လိုပေသည်။ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသော ပလတ်စတစ်အန္တရာယ်ကို ပြည်သူများအား အသိ ပညာပေးသလို လက်လုပ်လက်စား တစ်ဝမ်းတစ်ခါးနှင့် ဘဝကို ရပ်တည် လှုပ်ရှားရုန်း ကန်နေကြရရှာသော ပလတ်စတစ်ကောက် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသူရဲကောင်းများ အား လိုအပ်သည်များကို အားပေးကူ ညီဆောင်ရွက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်သည်လည်း သစ်လွင် စိမ်းစိုလှပကာ ၊ ပလတ်စတစ်ပို့ကုန်လုပ်ငန်းလည်းတိုးတက်လာပြီး၊ နိုင်ငံတော်နှင့် အလုပ်လက်မဲ့ပြည်သူများအတွက် ဝင်ငွေတိုးတက် လာစေသည့် ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

                                                                                                                                                      (ထွန်းမြင့်ထွန်း)

                                                                                                                                                            ပို့ကုန်