ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် Implementation of Article 66.2 of the WTO TRIPS Agreement ဆွေးနွေးပွဲအခမ်းအနားများသို့ တက်ရောက်အမှာစကားပြောကြား

Thu, 06/27/2024 - 04:42 -- mocadmin

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၀၈:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ မူပိုင်ခွင့်ဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရန်၊ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရန်၊ လေထုကိုသန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာတိုက်စားမှုကိုကာကွယ်နိုင်ရန်၊ စားရေ ရိက္ခာဖန်တီးပေးရန်နှင့် ရာသီဥတုကောင်းမွန်စေရန်ရည်ရွယ်၍ သစ်ပင်များစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟ စနစ် ပိုမိုအားကောင်းလာပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလှပလာမည်ဖြစ်ကြောင်း၊ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရကုသိုလ်ရဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးပြီးအပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းစေရေး ဝန်ထမ်းများက ဝိုင်းဝန်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင်နှင့် ပျဉ်းကတိုးပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ပြီး ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၃၁၃ ပင်နှင့် ပျဉ်းကတိုးပင် ၃၀၀ ပင်၊ ပတ္တမြားငမောက် ၈၀၀ ပင်၊ စိန်တလုံးသရက် ၃၂၅ ပင်နှင့် ဝါးပိုးဝါး ၁၀၀ ပင် အပါအဝင် သစ်ပင် ၂၀၉၈ ပင်တို့ကိုစိုက်ပျိုးခဲ့သည်။ ရုံးအမှတ် (၃) နှင့် ရုံးအမှတ် (၅၂)တို့တွင် ယခင်နှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးပြီးသော စိန်တလုံးသရက်ပင် ၁၁၀၀၀ ပင်၊ ပတ္တမြားငမောက်သရက်ပင် ၇၀၀ ပင်၊ ရတနာတန်းဝင်ကျွန်းပင် ၂၁၀၀ ပင်၊ ပျဉ်းကတိုးပင် ၄၀၀ ပင်၊ မဟော်ဂနီပင် ၁၅၀ ပင်၊ မန်ဂျန်ရှား ၁၅၀ ပင်နှင့် ဝါးပိုးဝါး ၁၀၀၀ ပင်များမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် - ၃၊ အစည်းအဝေးခန်းမ၌ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာနည်တင်မှ Implementation of Article 66.2 of the WTO TRIPS Agreement ခေါင်းစဉ်ဖြင့် ဆွေးနွေးသော စကားဝိုင်းဆွေး‌နွေးပွဲသို့ တက်ရောက်ခဲ့သည်။

   အဆိုပါဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပေးအပ်သော ကင်းလွတ် ခွင့်များ၊ ကုန်သွယ်မှုဆိုင်ရာ အကျိုးခံစားခွင့်များနှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ကုန်သွယ်မှုဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် ပို့ကုန်မြှင့်တင် ရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages