မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအလုပ်အမှုဆောင်များနှင့်တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး

Sun, 03/19/2023 - 03:52 -- mocadmin

နေပြည်တော်၊ မတ်လ ၁၈ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း  သီးနှံများအရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်း  လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပိုမို အရည်အ‌သွေးမြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ကောက်ပဲသီးနှံပြည်ပပို့ကုန် မြှင့်တင်‌ရေးအတွက် အရေးပါသည့်ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှု လုပ်ငန်းများ ပိုမိုအဆင့်မြှင့်ဆောင်ရွက်နိုင်‌ရေးဆိုင်ရာကိစ္စများကို မှာကြားပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး နှင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့် တင်ပို့နိုင်‌‌ရေးနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို  ဆွေးနွေးညှိနှိုင်း ခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနစုဝင်းအတွင်း  ဆန်ကြိတ်ခွဲမှုသင်တန်းဖွင့်လှစ်ရန်နှင့် သင်တန်းသား သင်တန်းခန်းမနှင့် အိပ်ဆောင်များအား ကြိုတင်ပြင်ဆင်‌ရေးအတွက်  လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages