နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ မိုးစပါးဝယ်ယူမှု ပြီးစီးပါက နွေစပါး စတင်ဝယ်ယူတော့မယ်

Mon, 03/05/2012 - 07:53 -- Anonymous (not verified)

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ စပါးအများစုထွက်ရှိရာ မြို့နယ် ၆၄ မြို့နယ်မှာ တောင်သူများထံက မိုးစပါးကို ဝယ်ယူလျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်အထိ ဝယ်ယူပြီးစီးမှုအနေနဲ့ စပါးတင်း ၁၀ သိန်းကျော်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရပါတယ်။ ဝယ်ယူထားတဲ့ စပါး ၁၀ သိန်းကို ဆန်အနေနဲ့ မတ် ၅ ရက်ကစပြီး ရန်ကုန်ရှိကြီးကြပ်မှုကော်မတီမှ စပြီးလက်ခံသွားမယ်လို့လည်း သိရပါတယ်။ မိုးစပါးအများစုထွက်ရှိရာ ဒေသများက ဝယ်ယူမှုကို မတ် ၁၀ ရက်မှာ အပြီးသတ်ဝယ်ယူမယ်လို့လည်း သိရပါတယ်။ မိုးစပါးဝယ်ယူပြီးစီးပါက နွေစပါးဝယ်ယူရေး စတင်မှုကို မတ် ၁၅ ရက်မှာ လျာထားသတ်မှတ်ဖို့ နိုင်ငံတော်အရန် ဆန်ထား ရှိရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အရန်ဆန်ဝယ်ယူရေးကော်မတီရဲ့ စပါးဝယ် ယူရေးနဲ့ပတ်သက်လို့ ညွှန်ကြားချက်များ အတိုင်း တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူမှု ရှိ မရှိ၊ စပါးသိုလှောင်တဲ့ သိုလှောင်ရုံ ကိစ္စ၊ ကြိတ်ခွဲမယ့် ဆန်စက်ကိစ္စနဲ့ ပတ်သက်ပြီး မမှန်ကန်မှုများ၊ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက နိုင်ငံတော်အရန် ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီ (ဗဟို) ကို တရားဝင် အသိပေးအကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။                                                       
လမင်း