ပင်လယ်ရေကြောင်းကုန်သွယ်မှု ဆက်တိုက်မြင့်တက်နေ

Fri, 12/09/2022 - 07:51 -- admin_ygn

လက်ရှိ မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု  ဆက်တိုက်မြင့်တက်လာနေပြီး ဘဏ္ဍာနှစ် ခုနစ်လခွဲကျော်ကာလအတွင်း  အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၃၃ ဘီလီယံကျော်အထိ  ကုန်သွယ်မှု ပြုလုပ်ထားနိုင်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏  ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရသည်။
နောက်ဆုံးရရှိထားသည့် ကုန်သွယ်မှုစာရင်းအရ ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ခုနစ်လခွဲကျော်ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပို့ကုန် အမေရိကန်ဒေါ်လာ   ၆ ဒသမ ၈၅၈ ဘီလီယံ ကျော် တင်ပို့ထားနိုင်ပြီး သွင်း ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၇၅ ဘီလီယံ ကျော် တင်သွင်းထားနိုင်ခြင်းဖြစ်သည်။    
ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၀၅ ဘီလီယံကျော်သာ ကုန်သွယ်မှု  ပြုလုပ်နိုင်ခဲ့သော်လည်း လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ခုနစ်လခွဲကျော်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂၈ ဘီလီယံကျော်   ပိုမိုကုန်သွယ်မှု ပြုလုပ်ထားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ နိုင်ငံတကာကုန်သွယ်မှုများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဆီသို့ ကုန်တင်သင်္ဘောကြီးများ လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး နိုဝင်ဘာလအတွင်း သင်္ဘောလိုင်း၁၆လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့နိုင်ငံတကာကုန်တင်သင်္ဘောများ ဆိုက်ကပ်ကာ ကုန်စည်များပိုမိုကိုင်တွယ်နိုင်ရန် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန် ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာလအထိ ကိုးလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်တင် သင်္ဘာအစီးရေ စုစုပေါင်း ၅၁၅ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန် ဆိပ်ကမ်းများသို့ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်  မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာတင်နှင့် အထွေထွေကုန်စည်တင်သင်္ဘောများ  ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀ဝ၀ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀ဝ၀ မက်ထရစ်တန် ပိုမိုကိုင် တွယ်နိုင်ခဲ့ကြောင်း သိရသည်။