မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Thu, 09/29/2022 - 05:56 -- dotadmindep

         မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည် ဖော်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၇ ရက် နေ့ (၁၄:၀၀) ချိန်၌ ရုံးအမှတ်(၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမသစ်တွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

       အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဌမှ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် တည်ထောင် အကောင်အထည်ဖော်ရေးအတွက် Framework Agreement အား နှစ်နိုင်ငံ အတည်ပြု လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဇုန်ဧရိယာ တိတိကျကျ သတ်မှတ် ဖော်ပြနိုင်ရေးအတွက် နယ်နိမိတ်တိုင်းတာရေးမှာ အထူးအရေးကြီးကြောင်း၊ ဗဟိုကော်မတီအစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားပါကြောင်း၊ ယခုအစည်းအဝေးတွင် မြေပြင်ကွင်းဆင်းတိုင်းတာရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း၊ တရုတ်နိုင်ငံဘက်နှင့်လည်း နှစ်နိုင်ငံဒေသအဆင့် အစည်းအဝေးနှစ်ကြိမ်ကျင်းပ၍ တရားဝင် ဆွေးနွေးပြီး ဖြစ်ကြောင်း၊ နှစ်နိုင်ငံဒေသအဆင့် တတိယအကြိမ်မြောက် အစည်းအဝေး ကျင်းပဆောင်ရွက်နိုင်ရေး အတွက်လည်း ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဌာနဆိုင်ရာများမှ နှစ်နိုင်ငံ နယ်နိမိတ် ကွင်းဆင်းတိုင်းတာနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြမှုအပေါ် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌမှ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။