ကားအရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ

Tue, 11/29/2011 - 03:05 -- Anonymous (not verified)

နေပြည်တော် ၊ နိုဝင်ဘာလ ၂၉

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ လိုအပ်သည့်အချက်အလက် များ ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်စုံသည့် ကားအရောင်းပြခန်း (၃) ခုအား ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ထပ်မံခွင့်ပြုနိုင်ရန်အတွက် လျှောက်ထားလာသည့် ကုမ္ပဏီများအား စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီ (၃) ခုမှာ Sakura Technical Services Co.,Ltd ၊ Diamond Auto Services Co.,Ltd နှင့် Sandrar Services Co.,Ltd တို့ ဖြစ်ကြသည်။ Export Earning (၁) သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၈၀၀) ကျော်ရှိရာ ကားတင်သွင်းရန် စတင်လျှောက်ထားလာကြပြီဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုမ္ပဏီများ အား မော်တော်ယာဉ်တင်သွင်းရန် ခွင့်ပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။ ပို့ကုန်တန်ဖိုး (၁) သိန်း ပြည့်မီရန် နီးစပ်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း ပို့ကုန်တင်ပို့မှု (၁) သိန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက တင်ပို့ခဲ့သော အထောက်အထားများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့တင်ပြ၍ ကားတင်သွင်းခွင့် လျှောက်ထားနိုင် ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၅) သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၈၀၀) ခန့်ကိုလည်း မော်တော်ယာဉ်တင်သွင်းခွင့်ပြုသွားနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကားဟောင်းအပ်နှံပြီး ကားတင်သွင်း ခွင့်ပါမစ် လျှောက်ထားမှုများကို ခွင့်ပြုပေးလျက်ရှိရာ စက်တင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ကာလအတွင်း ကားပါမစ် (၁၀၈၁၈) စောင်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။