အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ မူပိုင်ခွင့်ရုံးများမှ ဌာနအကြီးအမှူးများ၏ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

Wed, 11/23/2022 - 09:49 -- ipICTdep

အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ မူပိုင်ခွင့်ရုံးများမှ ဌာနအကြီးအမှူးများ၏ အစည်းအဝေး (Korea-ASEAN Heads of IP Offices Meeting) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အပါအဝင် ကိုယ်စားလှယ် (၂) ဦး ပါဝင် တက်ရောက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသည် အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား မူပိုင်ခွင့်ဆိုင်ရာ အသိပညာ အခြေခံအဆောက်အအုံများ တိုးတက်ရေးနှင့် မူပိုင်ခွင့်စနစ် မြင့်မားတိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည်  ကုလသမဂ္ဂ အဖွဲ့ကြီးမှ ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ ရရှိစေရန် အဓိကအချက် ဖြစ်သည့် တီထွင်ဆန်းသစ်မှုအတွက် ကောင်းမွန်သော မူပိုင်ခွင့်ဂေဟစနစ် (IP ecosystem) ကို အထောက်အကူ ပြုစေမည်ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးကာလအတွင်း အာဆီယံနိုင်ငံ တစ်နိုင်ငံချင်းစီနှင့် အပြန်အလှန်ဆွေးနွေးပွဲ (Bilateral Meeting) များ ပြုလုပ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ကိုရီးယားနိုင်ငံ မူပိုင်ခွင့်ဆိုင်ရာပြပွဲအခမ်းအနား (2022 Korea Intellectual Property Exhibition) ကိုလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။