ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်းသည့်အစည်းအဝေးကျင်းပခြင်း

Wed, 06/01/2022 - 14:11 -- competition
တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင်များ
နေပြည်တော်မှ အစည်းအဝေးတက်ရောက်သူများ

            မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားလာသည့် ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင် (၁၁)ဦးနှင့် ကော်မရှင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ စုစုပေါင်း (၁၅)ဦး ပါဝင်တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

            အစည်းအဝေးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ဥပဒေအရဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည့်အတွက် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် လုပ်ငန်းနယ်ပယ်အသီးအသီးတွင် လွတ်လပ်မျှတသော ယှဉ်ပြိုင်မှုဖြစ်ထွန်းပေါ်ပေါက်စေရေးနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်နိုင်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသကဲ့သို့ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာတွင်လည်း အာဆီယံကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားလာသည့်အမှုကိစ္စများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကော်မရှင်အဖွဲ့ဝင်များသည် မတူညီသော အတွေ့အကြုံ၊ ကျွမ်းကျင်မှု နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ မိမိတို့၏ သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်များအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

            အစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်ကြားလာသောအမှုကိစ္စများအလိုက် တိုင်ကြားလာမှုအခြေအနေများ၊ တိုင်ကြားစာများပါအကြောင်းအရာများ၊ တိုင်ကြားစာများအပေါ် ကော်မရှင်အဖွဲ့ဝင်များ၏ သဘောထားအကြံပြုချက်များ၊ ရုံးအဖွဲ့၏ စိစစ်သုံးသပ်ချက်များနှင့် ကော်မရှင်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရုံးအဖွဲ့၏ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တိုင်ကြားလာသောအမှုကိစ္စများအလိုက် သုံးသပ်တွေ့ရှိချက်များ၊ သဘောထားအမြင်များ၊ အကြံပြုချက်များကို ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၂:၁၅) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။