ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:05 PM

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နေလှန်းဆား တန်ချိန် ၁ဝဝဝဝ ဝယ်ယူလိုကြောင်း ကမ်းလှမ်း လာမှုအပေါ် ပြည်နယ် အစိုးရမှ စနစ်တကျ စီမံ ကြပ်မတ်ပေးမှု အရ နေလှမ်းဆား တန်ချိန် ၁ဝဝဝဝ လိုင်စင် ထုတ်ပေးခဲ့ပြီး တန်ချိန် ၃၁၃၃ ဒသမ ၂၃၅ တန်အား စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ ခဲ့နိုင်ပြီး ဖြစ်ပါတယ်။ တင်ပို့ရန် ကျန်ရှိနေတဲ့ နေလှမ်းဆားများ ဆက်လက် တင်ပို့ရေး အတွက် ၂၁-၁-၂ဝ၁၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဆားဝယ်ယူတဲ့ ကုန်သည် Mr. Syed Ziaul Hoque နဲ့ ရခိုင်ပြည်နယ် အစိုးရ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ဆားဝယ်ယူသူ Mr. Syed Ziaul Hoque ဟာ Industrial Salt (Table salt) များကို နမူနာ တင်ပြပြီး အဲဒီဆား အမျိုး အစားကိုသာ ဝယ်ယူ လိုတယ်လို့ တောင်းဆို ဆွေးနွေးခဲ့ရာ သဘာဝ နေလှန်းဆား ရောင်းတာကို Industrial Salt (Table salt) ရယူ လိုကြောင်း တောင်းဆိုမှုဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။ မိမိတို့ ဆားကုန်သည်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ခု တည်းကိုသာ အားမကိုးဘဲ တခြား ဈေးကွက် သစ်တွေ ရှာဖွေ ရမယ့် အချိန်ဖြစ် နေပြီး နောင်မှာ နေလှန်း ဆားတွေ ထုတ်လုပ် မယ်ဆိုရင်လည်း အရည်အသွေး ကောင်းမွန် သန့်စင်အောင် ဘယ်လို ထုတ်လုပ်မယ် ဆိုတာကို နည်းပညာ ပိုင်းများ လေ့လာ ဆည်းပူး ရမယ့် အချိန် ရောက်နေပြီလို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ဝ၉းဝဝ နာရီအချိန်မှာ ရခိုင်ပြည်နယ် ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်း အဝေးခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးပွဲမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းမောင်က ဆွေးနွေး ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆားဝယ်ယူ သူဟာ Industrial Salt (Table salt) များကို ဝယ်ယူ မယ်ဆိုလျှင် မိမိတို့ ရခိုင် ပြည်နယ်ထွက် နေလှန်း ဆားများကို Value Added ပြုလုပ်နိုင်အောင် ဆောင်ရွက် ထားရှိမှသာ မိမိတို့ ဆားများကို ဝယ်ယူမှာ ဖြစ်တယ်လို့ မြန်မာ့ လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ပြည်နယ် မန်နေဂျာ ဦးစိုးပိုင်မှ ဖြည့်စွက် ဆွေးနွေး တင်ပြခဲ့ ပါတယ်။

အစည်း အဝေးမှာ စစ်တွေ ဒေသ ဆားကုန်သည် များမှ ဖေဖော်ဝါရီလ အတွင်း ဆား ဝယ်ယူသူ Mr. Syed Ziaul Hoque ကို ဖိတ်ခေါ်ပြီး ယခင် လက်ကျန် ဆားများ အပြီးသတ် ဝယ်ယူရေးနဲ့ ထပ်မံ ဝယ်ယူလိုတဲ့ ဆားတန်ချိန် အရေအတွက်ကို ဆွေးနွေးပြီး ဈေးနှုန်း အတိအကျဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရေး ဆွေးနွေး ဆုံးဖြတ်ခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (စစ်တွေ) အေးအေးမြ

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 13:48 PM


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော်မြို့နယ် အတွင်း မြစ်ကြီးနား- ကန်ပိုက်တီး မော်တော် ကားလမ်းမ ပေါ်၌ တည်ရှိတဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းဟာ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လယ်ယာထွက် ကုန်များကို တစ်ဖက် နိုင်ငံသို့ အဓိက တင်ပို့ခဲ့ပြီး တစ်ဖက် နိုင်ငံမှ ရင်းနှီး မြှုပ်နံှမှု ဆိုင်ရာ ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းနဲ့ လူသုံးကုန် ပစ္စည်းများကို အဓိကထား တင်သွင်း လျက်ရှိတဲ့ စခန်း တစ်ခု ဖြစ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ မိုင် ၈ဝ အကွာ၊ တရုတ်နိုင်ငံ ပေါင်ဆန်း ခရိုင် ထိန်ချုန်းမြို့မှ မိုင် ၇ဝ ခန့် အကွာမှာ တည်ရှိပြီး မိမိတို့ရဲ့ ပို့ကုန်၊ သွင်းကုန်များကို တရုတ်နိုင်ငံ ကူမင်း၊ ရွှေလီ စတဲ့ မြို့များသို့ အချိန်တိုတို အတွင်း လွယ်ကူစွာ သယ်ယူ ရောက်ရှိနိုင်တဲ့ စခန်း တစ်ခုဖြစ် ပါတယ်။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းအား ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး နိုင်ငံတော် အဆင့် စခန်း အဖြစ် တရားဝင် ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာမှ ၂ဝ၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းပေါ်ရှိ ခုနှစ် ရောင်စုံ တံတား ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရချိန် မှစပြီး ကုန်သွယ်မှုများ ရပ်ဆိုင်း ခဲ့ရပါတယ်။ ဒေသခံများရဲ့ အားထုတ် ကြိုးပမ်းခဲ့ မှုကြောင့် ဒေသအတွက် မရှိမဖြစ် လိုအပ်တဲ့ လူသုံးကုန် ပစ္စည်းများကို ပြန်လည် တင်သွင်း နိုင်ခဲ့ရာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ မှာတော့ ကျိုးကျ ပျက်စီးနေတဲ့ တံတားကို ပြန်လည် ပြင်ဆင်ပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ ယခင် အတိုင်း ပြန်လည် ပြုလုပ်နိုင်ရေး ဒေသခံ ကုန်သည် အသင်းအဖွဲ့ များမှ ကြိုးပမ်း ဆောင်ရွက်နေ ကြတာ ဖြစ်ပါတယ်။ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပို့ကုန်အမယ်များအနက် တစ်သှူျး ငှက်ပျော တင်ပို့မှုဟာ စုစုပေါင်း ၂၁၁၁၃ တန်ဖြင့် ထိပ်ဆုံးသို့ ရောက်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိသေးခြင်း၊ ကုန်သွယ်မှု လမ်းခရီး တစ်လျှောက် တရားမဝင် ငွေကြေး ကောက်ခံမှုများ ရှိနေခြင်း တို့ကြောင့် ယခင်နှစ် များက တင်ပို့ခဲ့တဲ့ ပြောင်းဖူးစေ့၊ ဧည့်မထ ၂၅ မှတ်ဆန်၊ ကြိမ်၊ ဖရဲသီး စတဲ့ ပို့ကုန် အမယ်များ ပြည့်မီစွာ တင်ပို့ နိုင်ရေး တွေ့ကြုံ နေရတဲ့ အခက်အခဲ များအား ကြိုးပမ်း ဆောင်ရွက် ကြရမှာ ဖြစ်သော်လည်း ကချင် အထူးဒေသ (၁) တိုင်းရင်းသားပိုင် ကုမ္ပဏီများ ဖြစ်တဲ့ ချန်းရင်းခူး ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနဲ့ လွယ်ငူဘွမ်း ကုမ္ပဏီများမှ ၂ဝ၁၂- ၂ဝ၁၃ စိုက်ပျိုး ရာသီ အတွင်း ဘိန်းအစားထိုး သီးနံှ အဖြစ် စိုက်ပျိုး ခဲ့တဲ့ တစ်သျှူး ငှက်ပျောနဲ့ ပီလော ပီနံ ပို့ကုန်များမှာ ယခု အချိန်တွင် လှိုင်လှိုင် စိုက်ပျိုး ထွက်ရှိလာပြီ ဖြစ်တဲ့ အတွက် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အဓိက အားထားရတဲ့ ပို့ကုန် အမယ်များ အဖြစ် တင်ပို့ လျက်ရှိပြီး ၂၉- ၁- ၂ဝ၁၃ နေ့ထိ တန်ချိန်ပေါင်း ၃၃၇၆ တန် တင်ပို့ ခဲ့ပြီးဖြစ် ပါတယ်။ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အဓိက ပို့ကုန် အမယ်တစ်ခု ဖြစ်တဲ့ တစ်သျှူး ငှက်ပျော စိုက်ပျိုး ထုတ်လုပ် တင်ပို့မှု အခြေ အနေများကို Commerce ပရိတ်သတ်အား အသိပေး လိုက်ရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှာရှိတဲ့ ကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝ အလွန် ကောင်းမွန်တဲ့ အတွက် မြေပေါ် မြေအောက် သယံဇာတ များနဲ့ ပြည့်ဝလျက် ရှိတဲ့ နေရာ ဒေသ တစ်ခုဖြစ်တာ နဲ့အညီ ကချင်ပြည်နယ် အတွင်းရှိ မြေလွတ် မြေရိုင်းများကို ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ဒေသခံ အဖွဲ့ အစည်းများ၊ တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ များအား သက်ဆိုင်ရာ ဒေသ အာဏာပိုင်များရဲ့ ဦးဆောင် လမ်းညွှန်မှုဖြင့် စိုက်ပျိုး လုပ်ကိုင်ခွင့်များ သတ်မှတ် ချထားပေးခဲ့ တာဖြစ်ပါတယ်။ မြောက်ပိုင်း တော်ဝင်မြေ ကုမ္ပဏီ၊ ငွေကြယ်ဖြူ ကုမ္ပဏီနဲ့ မြေသင်းရနံ့ ကုမ္ပဏီများ၊ ဒေသခံ တောင်သူများ ပူးပေါင်းပြီး စိုက်ပျိုး မြေဧက (၁၃၁၉၃) ကျော်အား ၂ဝဝ၇ ခုနှစ်မှ စတင် စိုက်ပျိုး လုပ်ကိုင်ခဲ့ ကြပါတယ်။ တရုတ်နိုင်ငံ Tissue Culture နည်းပညာဖြင့် မျိုးစေ့ထုတ် စိုက်ပျိုးသော တစ်သျှူး ငှက်ပျောများမှာ ဘရာဇီး ငှက်ပျော (တစ်သျှူး)မျိုး ဖြစ်ပြီး တရုတ် ဘာသာ အခေါ် (ရှန်းကျောင်း) ဟုလည်းကောင်း၊ မြန်မာ ဘာသာ အခေါ် (သီးမွှေးငှက်ပျော) ဟုလည်းကောင်း အဓိပ္ပါယ်ရှိ ပါတယ်။ အဆိုပါ နည်းပညာနဲ့ မျိုးထုတ်ထားတဲ့ ငှက်ပျောမျိုး များအား တရုတ်နိုင်ငံနဲ့ ကပ်လျက် တည်ရှိတဲ့ လိုင်ဇာမှ တစ်ဆင့် ယူဆောင်ခဲ့ပြီး ရှဒါန်ပါ ဒေသတွင် ၂ဝဝ၇ ခုနှစ် မေလ၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ လုပ်ငန်းရှင် များအား ဘိန်းအစားထိုး သီးနံှ စိုက်ပျိုးမှု အဖြစ် ဧက ၃ဝဝ စတင် စမ်းသပ် စိုက်ပျိုးခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ် အထိ စိုက်ပျိုးမှု ပမာဏ ဧရိယာ ၁၃၁၉၃ ဧက အထိ တိုးတက် ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၂- ၂ဝ၁၃ စိုက်ပျိုး ရာသီမှာတော့ နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိသေး တာကြောင့် ကချင်ပြည်နယ် အထူးဒေသ (၁) ဝိုင်းမော်မြို့နယ် အတွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုင်ဆိုင်တဲ့ ချန်းရင်းခူး ကုမ္ပဏီနဲ့ လွယ်ငူဘွမ်း ကုမ္ပဏီများမှ စိုက်ပျိုး ထွက်ရှိလာမဲ့ တစ်သျှူး ငှက်ပျော တန်ချိန် ၁၂ဝဝဝ ခန့်ကိုသာ တင်ပို့ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများမှ စိုက်ပျိုး ထွက်ရှိလာတဲ့ တစ်သျှူး ငှက်ပျောသီး များအား တရုတ်နိုင်ငံ အတွင်းရှိ စီချွမ်၊ ဟူနန်၊ ရှန်ဟိုင်း၊ ဝူးဟန်၊ ခုံျ့ချင့်နဲ့ ပေ့ကျင်၊ ကွေ့ကျိုး၊ ကျန်ရှီး စတဲ့ ပြည်နယ်များ အပါအဝင် ပြည်နယ် ၂၇ ခုသို့ တင်ပို့ ရောင်းချသွားမှာ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ ၂ဝဝ၈ ခုနှစ် ငှက်ပျော ရောင်း ရာသီတွင် ပေကျင်း အိုလံပစ် ပွဲတော်နဲ့ တိုက်ဆိုင် ခဲ့သဖြင့် ငှက်ပျော ၁ တန်လျှင် ယွမ် ၄ဝဝဝ ထိ ဈေး ရရှိခဲ့ သော်လည်း လက်ရှိ အချိန်တွင် တစ်ဖက် နိုင်ငံ ထိန်ခံျုး ဒေသပေါက်ဈေးမှာ ငှက်ပျော ၁ တန် ယွမ် ၁၁ဝဝ သာ ရှိပါတယ်။ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်း အနေနဲ့ ကုန်သွယ်မှု လမ်းကြောင်း ပေါ်ရှိ တံတား ပြုပြင်ပြီး ဖြစ်သော်လည်း နယ်မြေ အေးချမ်းမှု မရှိသေးခြင်း၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် တရားမဝင် ငွေကြေး ကောက်ခံမှုများ ရှိနေခြင်း စတဲ့ ကုန်သွယ်မှု လျင်မြန် ချောမွေ့ စေရေး အတွက် အဟန့် အတားများ ရှိနေပါ သေးတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား လုပ်ငန်းရှင်များက စိုက်ပျိုး ထွက်ရှိလာတဲ့ ဘိန်းအစားထိုး သီးနံှ ပို့ကုန် တစ်သျှူး ငှက်ပျောများ တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ လွယ်ကူ လျင်မြန် ချောမွေ့စွာ တင်ပို့ နိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီများအား လိုအပ်တဲ့ ကူညီ ပံ့ပိုးမှုများ အစွမ်းကုန် ဆောင်ရွက်ပေးပြီး ပို့ကုန် လျာထားချက်များ ပြည့်မီ စေရေး ကန်ပိုက်တီး နယ်စပ် ကုန်သည်များနဲ့ အတူ နယ်စပ် ကုန်သွယ်ရေးရုံး တို့မှ ကြိုးပမ်းလျက ်ရှိပါကြောင်း အသိပေး လိုက်ရ ပါတယ်။

နကသ (ကပတ)မှ သတင်းပေးပို့သည်။

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 13:42 PM

မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၃းဝဝ အချိန်မှာ မောင်တောမြို့ ဒေဝါနဒီ အစည်းဝေး ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မောင်တော ဒေသ တည်ငြိမ် အေးချမ်း လာ၍ နှစ်ဖက် ကုန်သည်များ လွတ်လပ်စွာ ကူးသန်း သွားလာနိုင်မှု ရှိနေ သဖြင့် ကုန်သွယ်မှုများ ယခင် လကထက် ပိုမို တိုးတက်မှု ရှိလာတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ အတွင်း မောင်တော နယ်စပ်ရဲ့ အဓိက ပို့ကုန် ရေငန် ပုစွန်နဲ့ ငါးခြောက်တို့ တင်ပို့မှု လျော့နည်း ခဲ့သော်လည်း ဝါး တင်ပို့မှု အနည်းငယ် တိုးတက် လာတယ်လို့ သိရပါတယ်။ အမယ်သစ် ပို့ကုန်အဖြစ် Pea Nut Crisp Candy နဲ့ ကြက်ဥ မြေပဲ စတဲ့ ပို့ကုန် အမယ်များ တင်ပို့နိုင်ရေး ဆောင်ရွက် နေတယ်လို့ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ရေငန် ပုစွန် ရာသီ ကုန်ဆုံးသွား သော်လည်း ငါးခြောက် ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် နောက်လများမှာ ငါးခြောက် ပိုမို တင်ပို့ နိုင်မှာ ဖြစ်ကြောင်း ခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနမှ ဒုတိယ ဦးစီးမှူး ဦးဝေလွင်က ပြောကြားခဲ့ ပါတယ်။

Source: နကသ (မောင်တော)>>> AAM

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 14:31 PM

ရခိုင်ပြည်နယ် စစ်တွေ ဒေသမှာ မေလမှ အောက်တိုဘာ လအထိ ရေငန် ပုစွန်ကျားများ ထွက်ရှိပြီး တစ်ဖက် နိုင်ငံ ကော့ဘဇားသို့ တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ ပုစွန် တင်ပို့ ရောင်းချရာမှာလည်း တစ်ဖက်နိုင်ငံ တက္ကနဖ် ချောင်းဝမှ တဆင့် ကော့ဘဇားကို (၃) နာရီလောက် ကားဖြင့် မောင်းပြီး တင်ပို့လျက် ရှိခြင်း၊ ကော့ဘဇားမှာ အအေးခန်း စက်ရုံများ ရှိနေခြင်း တို့ကြောင့် မိမိနိုင်ငံ ဒေသထွက် ရေငန်ပုစွန်ကျား ထွက်နှုန်းပေါ် မူတည်ပြီး နည်းလမ်း မျိုးစုံဖြင့် အသာစီး ယူကာ ဈေးကစား ဝယ်ယူမှုများ ရှိနေကြောင်း စစ်တွေ ငါးပုစွန် ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးအောင်ထိုက် က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ရှင်းလင်း တင်ပြချက် အရ သိရှိရပါတယ်။ လာမဲ့ ရာသီမှာ ပုစွန်ကျားများ ပိုမို တင်ပို့ နိုင်ရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနဲ့ အခြေအနေ အရ ပုစွန်သား ပေါက်များ ရှားပါး လာနေပြီဖြစ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဦးစီးဌာန အနေနဲ့ ပုစွန် သားပေါက်များ ရရှိရေး ဆောင်ရွက် ပေးရန်လည်း ကုန်သည် လုပ်ငန်းရှင် များက တင်ပြ သွားတယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (စစ်တွေ) အေးအေးမြ

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:51 PM

ITC ကဒ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခြင်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တမူး နယ်စပ် ကုန်သွယ်ရေး စခန်း၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်နှင့် မြဝတီ ကုန်သွယ်ရေး ဇုန်တို့မှာ စတင် ဆောင်ရွက်ခဲ့ ပါတယ်။ ITC ကဒ်ဖြင့် ကုန်သွယ်မှုပြု အကောင် အထည်ဖော်မှု ရလာဒ်တို့ အပေါ် အကျိုး အပြစ် တို့ကို သုံးသပ်ပြီး ကျန်နယ်စပ် ကုန်သွယ်ရေး စခန်းများ မှာလည်း ITC ကဒ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေး စီစဉ် လျက်ရှိရာ ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေနဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်း (၂)ခုမှ တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ် Individual Trading Card ဖြင့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိစေရေး အထက်ဌာနသို့ ဆက်လက် တင်ပြထား တယ်လို့ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းမောင်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေ နယ်စပ် ကုန်သွယ်ရေး အနေဖြင့် ITC ကဒ်ဖြင့် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပါက သာမန် ပြည်သူများ အနေဖြင့် ပိုမို လုပ်ဆောင် လာနိုင်ပြီး အလုပ်အကိုင် များများ လုပ်ကိုင် ဆောင်ရွက်နိုင်မှာ ဖြစ်ရာ ITC ကဒ်များ ထုတ်ပေးသင့် ပါကြောင်း မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ပြည်နယ် မန်နေဂျာ ဦးစိုးပိုင်မှ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြ ဆွေးနွေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (စစ်တွေ) >>> အေးအေးမြ

Pages