တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 16:39 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် မြို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့က စားသုံးသူ အကာ အကွယ် ပေးရေး၊ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး နှင့် ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တာချီလိတ် နယ်စပ် ကုန်သည် အသင်းနဲ့ ကုန်သည် စီးပွားရေး လုပ်ငန်း ရှင်များတို့ကို တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ အဆိုပါ ခရီးစဉ် အတွင်း ITC ကဒ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက် ခွင့်ပြု ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ စတင်ကာ ကုန်သွယ်မှု လုပ်ငန်းများကို ကုမ္ပဏီ ထောင်ပြီး မဆောင်ရွက် နိုင်တဲ့ လုပ်ငန်းရှင် အသေးစားများ လုပ်ငန်း ဆောင်ရွက်နိုင်ရန် ITC ကဒ် ထုတ်ပေး နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

ITC ကဒ်ဖြင့် တရားဝင် ကုန်သွယ်မှု ပြုခြင်းဖြင့် တရားမဝင် ဝင်ရောက်မှုများ လျော့နည်းသွား နိုင်မှာ ဖြစ်ကြောင်း၊ ITC ကဒ်ဖြင့် ကုန်သွယ်မှုကို နိုင်ငံတော်မှ ခင်းပေးတဲ့ လမ်းလို့ သတ်မှတ်ကာ ဌာန ဆိုင်ရာများနဲ့ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ITC ကဒ် လိုင်စင်ကို အရောင်း အဝယ်ပြု လုပ်၍ မရပါကြောင်း၊ ITC ကဒ် ကိုင်ဆောင်သူ ကိုယ်တိုင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ITC ကဒ် လိုင်စင်ဖြင့် ကုန်သွယ်မှုကို တံတား (၂) မှသာ ဆောင်ရွက်၍ ရနိုင်ကြောင်း၊ ITC ကဒ်ဖြင့် ကုန်သွယ်မှု လုပ်ငန်းများကို စတင် ဆောင်ရွက် ကြည့်ပါလို့ ပြောလို ပါကြောင်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးတွင် တာချီလိတ် နယ်စပ် စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အစည်း အဝေးပွဲတွင် တာချီလိတ် နယ်စပ် ကုန်သည် အသင်းက ITC ကဒ်ဖြင့် ဆောင်ရွက်မဲ့ လုပ်ငန်းရှင်များ ကုန်သည် အသင်းဝင် ကဒ်ပြုလုပ်ရာမှာ အခက်အခဲ မရှိစေရန် ကုန်သည် အသင်းရဲ့ ယာယီ ရုံးခန်းအား အမြန်ဆုံး ဖွင့်လှစ် နိုင်ရေး စီစဉ် ဆောင်ရွက် ပေးရန် ဆုံးဖြတ် ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။ တာချီလိတ် နယ်စပ် စခန်းတွင် ITC ကဒ်ကို ၈-၂-၂ဝ၁၃ နေ့ထိ လာရောက် လျှောက်ထားခြင်း မရှိသေးဘူးလို့ သိရှိရ ပါတယ်။

Source: နကသ (တာချီလိတ်)

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 16:27 PM

မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးပေါက်ဖြစ်သော ရခိုင် ပြည်နယ်၊ မောင်တော မြို့ကနေ တစ်ဆင့် ဘင်္ဂလား ဘိလပ်မြေ များကို နယ်စပ် ကုန်သွယ်ရေးမှ တင်သွင်း လျက်ရှိပါတယ်။

ဘင်္ဂလားလုပ် ဘိလပ်မြေက ထိုင်း ဘိလပ်မြေလောက် အရည်အသွေးကို မမီပါဘူး၊ ဒါကြောင့် ပြည်တွင်း ဈေးကွက်မှာ မတိုးနိုင်တာရယ်၊ ပြည်တွင်း အရောက် သယ်ယူရာမှာ စရိတ်များ တာရယ်ကြောင့် ဒေသသုံး အဆင့် လောက်ဘဲ တင်သွင်း နိုင်တာ တွေ့ရပါတယ်။ ဈေးကွက် ကတော့ မောင်တောနဲ့ ဘူးသီးတောင် တစ်ဝိုက်ရှိ ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးကြပါတယ်။ အချို့ အဆောက် အဦတွေဆို ဘင်္ဂလား ဘိလပ်မြေကို မသုံးဘဲ ထိုင်း ဘိလပ်မြေကို ပြည်တွင်းမှ မှာယူ သုံးစွဲတာ တွေလည်း ရှိပါတယ်။

ထိုင်း ဘိလပ်မြေ တစ်အိတ်ကို မောင်တော အရောင်းဈေးကျပ် ၇၂ဝဝ ကနေကျပ် ၇၃ဝဝ ထိ ရှိပါတယ်။ ဘင်္ဂလား ဘိလပ်မြေ တစ်အိတ်ကို တက္ကနပ်မှာ ဝယ်ဈေး တာကာ ၄ဝ၂ လောက်ပဲ ရှိပါတယ်။ သယ်ယူ စရိတ်နဲ့ ကိုင်တွယ် ခတွေ ပါပေါင်းရင် မောင်တော အရောက် တာကာ ၅ဝဝ လောက် ဖြစ်သွားပါတယ်။ ဘင်္ဂလား ဘိလပ်မြေ များမှာ Ruby တံဆိပ်၊ Isnald တံဆိပ်နဲ့ Tower တံဆိပ် ဆိုပြီး သုံးမျိုး ဝင်ပါတယ်။ ဈေးကတော့ တူတူပဲဖြစ်လို့ မောင်တောမှာ တစ်အိတ်ကို ကျပ် ၆ဝဝဝ ကနေကျပ် ၆၂ဝဝ ထိ ရောင်းချ ကြပါတယ်။ ပြည်တွင်း ဈေးကွက် အနေနဲ့တော့ စစ်တွေမှလည်း တင်သွင်းမှု ရှိပါတယ်။ မောင်တောက ဘိလပ်မြေ တင်သွင်းတဲ့ ကုမ္ပဏီများ အနေနဲ့ ဒေသတွင်း တည်ဆောက်ရေး လုပ်ငန်းများကိုပဲ အားကိုးပြီး တင်သွင်းလျက် ရှိပါကြောင်း တင်ပြလိုက် ပါတယ်။

စိန်ဝင်း (မောင်တော)

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:31 PM

တမူးစခန်း၏ ကုန်သွယ်မှု ပမာဏ အခြေအနေမှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွက် ၂ ဒသမ ၅၃၅ ဒေါ်လာသန်း လျာထားချက် အပေါ်တွင် ၂ ဒသမ ၅၂၇ ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက် နိုင်မှုမှာ ITC လုပ်ငန်းရှင်၊ ကုမ္ပဏီ လုပ်ငန်းရှင်၊ ဌာန ဆိုင်ရာများ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် ခဲ့ကြ၍ ဖြစ်ပါသည်။ မိုရေး- အင်ဖာ လမ်းကြောင်းမှာ တစ်ဖက် နိုင်ငံ၏ နိုင်ငံရေး အခြေအနေ များကြောင့် မကြာ ခဏ ပိတ်နေ သဖြင့် တမူး- မိုရေး ကုန်သွယ်မှုကို အထိုက် အလျောက် တုံ့နှေး စေခဲ့ပါသည်။ ဇန်နဝါရီလ အတွင်း ပိတ်ခဲ့သည့် ရက်မှာ ၁ဝ ရက်ခန့် ရှိခဲ့ပါသည်။ သို့သော်လည်း ကုန်သည် အငယ်များ၊ တစ်နိုင် တစ်ဆွဲ လုပ်ငန်းရှင်များ အတွက် ITC ကဒ်ဖြင့် အခြေ အနေ မပျက် ဆောင်ရွက် နိုင်ခဲ့ ပါသည်။ သွင်းကုန်ပိုင်း ဆောင်ရွက်မှုတွင် ITC ကဒ်ဖြင့် ၂ဝ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်နိုင် ခဲ့သည်။ တမူး ကုန်သွယ်ရေး စခန်း အနေဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လတွင် လျာထားမှု အပေါ် ၉၉ ဒသမ ၆၈ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စမ်းစမ်းအေး (တမူး)

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 16:09 PM


မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန်/ သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ဒေါ်လာ ငွေကြေး တစ်မျိုး တည်းဖြင့်သာ ဆောင်ရွက် ခွင့်ပြုခဲ့ပါတယ်။ လက်ရှိ မောင်တောရဲ့ နယ်စပ် ကုန်သွယ်မှုမှာ ဒေါ်လာ ငွေဖြင့် ပေးချေမှုကို နှစ်နိုင်ငံ နယ်စပ် ဘဏ်များ ဖြစ်သော မိမိတို့ ဖက်မှ မြန်မာ့ စီးပွားရေး ဘဏ်နှင့် တစ်ဖက် နိုင်ငံကတော့ Sonali Bank ၊ AB Bank တို့နဲ့ Bank Draft နဲ့ ပေးချေ ဆောင်ရွက်လျက် ရှိပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လမှ စတင်၍ မောင်တော စခန်းမှ မြန်မာ ကျပ်ငွေဖြင့် ပို့ကုန်တွင် ဝါး၊ ဓနိ၊ ကြိမ်၊ သစ်ခေါက် တို့ကို တင်ပို့ ခွင့်ပြုပြီး သွင်းကုန်တွင် ရေသန့် စစ်အိုးကို တင်သွင်း ခွင့်ပြုခဲ့ ပါတယ်။

ယခင်က ဒေါ်လာ ငွေဖြင့်သာ ဆောင်ရွက် နေသော ပို့ကုန် ပစ္စည်း ဝါးကို ယခု ကျပ်ငွေဖြင့် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ ကျပ်ငွေဖြင့် ခွင့်ပြု ခဲ့ပြီး နောက်ပိုင်း ဝါး တင်ပို့မှုကို ကျပ်ငွေဖြင့်သာ ဆောင်ရွက် လာတာကို တွေ့ရှိရ ပါတယ်။

မောင်တော စခန်းမှ တင်ပို့ နေသော ဝါးများ အနက် ဝါးကြီးမှာ မြောက်ဦး ဒေသထွက် ဖြစ်ပါတယ်။ မြောက်ဦး ကနေ ဖောင်ဖွဲ့ပြီး ဘူးသီးတောင် အထိ တင်ပို့ပါတယ်။ ဘူးသီးတောင် ကနေ မောင်တောကို ကားဖြင့် လည်းကောင်း၊ လှည်းဖြင့် လည်းကောင်း သယ်ဆောင်ပြီး မောင်တောမှာ ထပ်မံ ဖောင်ဖွဲ့ပြီး တစ်ဖက်နိုင်ငံကို တင်ပို့ ကြပါတယ်။

ဝါးသေး (ကွမ်းတိုင်ဝါး) များကတော့ ကြိမ်ချောင်းဖက်မှ ထွက်ရှိပြီး တစ်ဖက် နိုင်ငံသို့ ဖောင်ဖွဲ့ပြီး ပို့ဆောင် ကြပါတယ်။ မြန်မာဖက်မှ တင်ပို့သော ဝါးကြီးများကို နေအိမ် ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း စသည့်တို့မှာ အသုံးပြုပြီး ဝါးသေး ကိုတော့ ကွမ်းခြံများတွင် ကွမ်းပင်နွယ် တက်ရန် တိုင်အဖြစ် အသုံးပြုကြလို့ ကွမ်းတိုင် ဝါးလို့လည်း ခေါ်ကြောင်း သိရှိရ ပါတယ်။

ဝါးဈေးနှုန်းများ အနေနဲ့ ဝါးကြီး တစ်လုံးလျှင် မောင်တော အရောက် ကျပ် ၂၂ဝ- ၂၃ဝ ခန့် ဈေးရှိပြီး တစ်ဖက် နိုင်ငံတွင် ဝါးကြီး တစ်လုံးလျှင် ၂၈ တာကာ ကနေ ၂၉ တာတာထိ ရရှိပါတယ်။ ဝါးသေး တစ်လုံးလျှင် ဝယ်ဈေး ၁၈ ကျပ်မှ ၂ဝ ကျပ်ထိ ရှိပြီး တစ်ဖက် နိုင်ငံမှာ ၂ ဒသမ ၅ဝ တာကာနဲ့ ရောင်းချကြောင်း သိရှိရပါတယ်။ ဝါးကုန်သည်များ အနေနဲ့ အမြတ် များများ မကျန်သော်လည်း ဖောက်သည် မပျက် အလုပ်ဖြစ်ရုံသာ လုပ်ကိုင် နေကြကြောင်းနဲ့ လာမယ့် ပွင့်လင်း ရာသီမှာ ဝါးများ ဆက်လက် တင်ပို့ နိုင်မှာဖြစ်ပြီး ဓနိပါ ဝယ်လိုအား ရှိလာနိုင်ကြောင်း တင်ပြလိုက်ရ ပါတယ်။

စိန်ဝင်း (မောင်တော)

ကြာသပတေးနေ့ ၇ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

ရခိုင် ပြည်နယ် မောင်တောမြို့မှ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ နေတဲ့ ငါးခြောက် များကတော့ ငါးကုန်း ညိုခြောက်၊ ငါနီတူ ခြောက်နဲ့ ငါးစုံလေး ခြောက်များ ဖြစ်ပါတယ်။ ၂ဝ၁၂ ဒီဇင်ဘာ လမှာ ငါးကုန်း ညိုခြောက် ၂၄၅ တန်၊ တန်ဖိုး ၁၇၁၅ဝဝ ဒေါ်လာ၊ ငါးနီတူ ခြောက် ၈ တန်၊ တန်ဖိုး ၁ဝ၄ဝဝ ဒေါ်လာ၊ ငါးစုံ ကလေးခြောက် ၄၈၅ ဒသမ ဝ၈ တန်၊ တန်ဖိုး ၂၂၃၁၃၈ ဒေါ်လာကို အသီးသီး တင်ပို့ နိုင်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လမှာတော့ ငါးကုန်း ညိုခြောက် ၁၉၅ တန်၊ တန်ဖိုး ၁၃၉၇၁၉ ဒေါ်လာ၊ ငါးနီ တူခြောက် ၄ဝ တန်၊ တန်ဖိုး ၅၂ဝဝဝ ဒေါ်လာ၊ ငါးစုံ လေးခြောက် ၆၆၄ ဒသမ ၂၁ တန်၊ တန်ဖိုး ၃ဝ၅၅၃၇ ဒသမ ၅၂ ဒေါ်လာဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ တင်ပို့မှုက ဒီဇင်ဘာ လထက် စုစုပေါင်း တန်ချိန် အားဖြင့် တန် ၁၆ဝ ကျော်ခန့် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ယခု ပမာဏထက် ပိုမို တင်ပို့ နိုင်ရမှာ ဖြစ်သော်လည်း ဇန်နဝါရီ လအတွင်း အအေး လွန်ကဲတာကြောင့် ငါးခြောက် ထွက်ရှိမှုလည်း နည်းသွားပါတယ်။ တစ်ဖက် နိုင်ငံကလည်း ငါးနီ တူူခြောက်နဲ့ ငါးကုန်း ညိုခြောက်ကို အဝယ် နည်းပြီးတော့ ငါးစုံ လေးခြောက် တစ်မျိုးတည်း ကိုပဲ ဝယ်လိုအား များခဲ့ပါတယ်။ တစ်ဖက် နိုင်ငံရဲ့ ဝယ်လိုအား ကျသွားတဲ့ အပြင် ငါးခြောက် ဝယ်ဈေးတွေ ကျဆင်း သွားလို့ ငါးခြောက် တင်ပို့မှု နည်းသွားတာ ဖြစ်ပါတယ်။ ငါးနီတူခြောက် တစ်ကီလိုကို ယခင် အမြင့်ဆုံးဈေး တာကာ (၃ဝဝ) ကနေ တာကာ (၂၄ဝ) ထိ ကျသွားပါတယ်။ အလားတူ ငါးကုန်း ညိုခြောက် ဆိုလျှင် တာကာ (၁၅ဝ) ကနေ တာကာ (၁၁ဝ) သာ ရရှိတော့တာ တွေ့ရပါတယ်။ ငါးစုံလေးခြောက်ကတော့ တာကာ ၁ဝဝ ကနေ တာကာ (၈ဝ) ထိ ကျသွားပါတယ်။ ယခုလို ဈေးကျသွားတဲ့ အပြင် ရောင်းချရာ မှာလည်း ကုန်ပို့ပြီး နောက်သုံးလ လောက်နေမှ ပိုက်ဆံ ရတယ်။ ဒါကြောင့် မြန်မာ ကုန်သည်တွေ ကလည်း ဈေးကျ သွားတာရယ် အကြွေး ကျတာရယ်ကြောင့် တင်ပို့မှု ပမာဏ လျော့ချ လိုက်လို့ ဖြစ်ပါတယ်။ လာမယ့် လမှာတော့ ဈေးပြန်လည် ဦးမော့လာမယ်လို့ မောင်တော ကုန်သည်များက ခန့်မှန်း နေလျက် ရှိပါတယ်။

စိန်ဝင်း (မောင်တော)

Pages