ကြာသပတေးနေ့ ၂၄ ဇန်နဝါရီလ ၂၀၁၃ 17:26 PM


ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီး ဘုရင့်နောင် လမ်းမမှ Today Top Star ကုမ္ပဏီရဲ့ ငွေလဲ ကောင်တာကို ဇန်နဝါရီလ ၉ ရက် နံနက် ၉ နာရီမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရှိရတဲ့ အတွက် တာဝန်ခံ ဦးသက်တင်နဲ့ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားငွေများ (FE) ဝယ်ယူ ရောင်းချ လဲလှယ် ပေးခွင့် လိုင်စင်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ Today Top Star ကုမ္ပဏီ အနေနဲ့ မြဝတီမြို့မှာ လုပ်ဆောင်ခွင့် ရရှိခဲ့ကြောင်းနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ အခါအားလျော်စွာ ထုတ်ပြန် သတ်မှတ်တဲ့ စည်းမျဉ်း ဥပဒေများနဲ့ အညီ ဝယ်ယူခွင့်၊ ရောင်းချခွင့်နဲ့ လဲလှယ်ပေးခွင့်ကို ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး မြဝတီမှာ ဖွင့်ဖို့ စီစဉ်ခဲ့ပေမဲ့ ဗဟိုဘဏ် ဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးတဲ့ အတွက် စောင့်ဆိုင်းနေပြီး ယခု ၂ဝ၁၂ ခုနှစ် ၁ဝ လပိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များရဲ့ ထောက်ခံချက်နဲ့ ထပ်မံ ဖြည့်စွက် တင်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဥပဒေ ထွက်ပြီး သတင်းစာမှာ ကြေငြာတဲ့အခါ ကြိုတင် ပြင်ဆင် ထားပြီးဖြစ်တဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး တင်ပြ လျှောက်ထားခဲ့ကြောင်း၊ အချက်အလက်တွေ ပြည်စုံတဲ့ အတွက် ကျွန်တော်တို့ ကုမ္ပဏီ အပါအဝင် ကုမ္ပဏီနှစ်ခု ဘဏ်မဟုတ်ဘဲ ငွေလဲစင်တာ ဖွင့်ခွင့် ရခဲ့တာဖြစ်တယ်လို့ ငွေလဲစင်တာ တာဝန်ခံ ဦးသက်တင်က ပြောပြပါတယ်။ ကျွန်တော်တို့က မြဝတီမှာ ဖွင့်လှစ်ပြီး ရန်ကုန်မှာ ဖားမား ဖိုးရာဇာ ကုမ္ပဏီက ဖွင့်လှစ်ခွင့်ရတာ ဖြစ်ပါတယ်။

ဦးသက်တင်က အလုပ်သမားတွေ၊ ကုန်သည်တွေနဲ့ ဆက်စပ်မှု ရှိတဲ့ နေရာတွေမှာ တိုးခဲျ့ ဖွင့်ဖို့စဉ်းစား နေပါတယ်။ Pilot Study တွေ လုပ်နေပါတယ်။ နယ်စပ်ဒေသမှာ ကုန်သွယ်မှုတွေ ရှိနေတာကြောင့် ကုန်သည်တွေ အတွက်လည်း အများကြီး အဆင်ပြေ စေနိုင်မယ် ဈေးကွက်နဲ့ အညီ ဖြစ်ဖို့ လက်တွေ့ ကျကျ လုပ်ဆောင်ရမှာ ဖြစ်တယ်။ တရားမဝင် ငွေလဲ ဆောင်ရွက်နေမှု တွေကိုလည်း လမ်းကြောင်းပေါ် ရောက်အောင် စည်းရုံးသွားပါမယ်။ ဈေးကွက် အခြေအနေ ကိုလည်း လစ်လျူထားလို့တော့ မရပါဘူး။ မိမိတို့ ငွေလဲ စင်တာ အနေနဲ့ ဒေါ်လာနဲ့ ကျပ်၊ ဘတ်နဲ့ ကျပ် အဓိက လဲပေးနေရပြီး လက်ရှိ တစ်နေ့ကို ကျပ် ၁ဝ သိန်းမှ ၁၅ သိန်းဖိုး ခန့်ထိ လဲလှယ် ပေးနေရတယ်လို့ တာဝန်ခံ ဦးသက်တင်ထံမှ သိရှိရပါတယ်။

Source: မြဝတီ(နကသ) မြင့်ရှိန် - မြဝတီ

အင်္ဂါနေ့ ၂၂ ဇန်နဝါရီလ ၂၀၁၃ 11:50 PM

တမူး နယ်စပ် ကုန်သွယ်ရေးတွင် ITC ကဒ်များ ထုတ်ပေးပြီး နောက်ပိုင်း ၂၀-၁-၂၀၁၃ ထိ တစ်နိုင် တစ်ဆွဲ ပစ္စည်းများ ဖြစ်သော အလှ ကုန်မျိုးစုံ၊ လူသုံး၊ အိမ်သုံး ပစ္စည်းများကို တရားဝင် ကုန်သွယ်မှု ပြုလုပ် နေကြပြီဖြစ် ပါတယ်။ လမ်းကြောင်းမှန် ပေါ်သို့ အပြည့်အဝ မရောက်သေးသော်လည်း OSS အဖွဲ့ ဌာန ဆိုင်ရာများမှ Mobile Team ဖွဲ့ကာ အခွန်ဆောင် သယ်ယူအောင် စည်းရုံးခြင်း၊ လုပ်ငန်း နားမလည်သူများအား လိုင်စင် လျှောက်ထားခြင်း၊ ဂျူတီ ဆောင်ခြင်း၊ ယာဉ် စစ်ဆေးခြင်း တို့ကို စနစ်တကျ ဆောင်ရွက ်တတ်စေရန် စေတနာထား ကူညီ ပေးမှုကြောင့် ယခင် အကောက်ခွန်မဲ့ သွားလာနေသော ပိတ်စ အပွင့်ဖော်သည့် လက်ရေး ဆိုးဆေးဗူး (3D Outliner) အဝတ်စတွင် ဘော်ကြယ်များ ကပ်သည့် (3D Glue) စသည့် အိမ်တွင်းမှု လုပ်ငန်းသုံး ပစ္စည်းများ၊ ဆံပင် ပေါင်းဆေး၊ ခေါင်းလိမ်းဆီ စသည့် အလှကုန်များ၊ ဒစ္စကို ရွှေလက်ဝတ် ရတနာမျိုးစုံတို့ အပါအဝင် အရည် အသွေးစုံ အိန္ဒိယ နိုင်ငံထုတ် အဝတ် အထည်များကို ITC နဲ့တင်သွင်း လာနေကြပြီ ဖြစ်ကြောင်း အသိပေး လိုက်ရပါတယ်။

စမ်းစမ်းအေး (တမူး)

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 1:33 PM

ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်းလုံ၊ ချင်းရွှေဟော် ဒေသမှာ ယခုလို ဘိမ်းအစားထိုး သီးနှံများဖြစ်တဲ့ ပြောင်း၊ ကြံ၊ ရာဘာ၊ ဖရုံ။ သခွါး စသည့် သီးနှံများ ဖြိုင်ဖြိုင် မထွက်ခင် ၁၂ ဘီးကား၊ ၁၀ ဘီးကား၊ ၆ ဘီးကားများ ဥဒဟို မသွားလာသေးမီက မချစ်မီးတစ်ယောက် တစ်လုံးထိုး ထော်လာဂျီ မောင်းသူ၏ နံဘေးတွင် ကပ်လျက်ထိုင်ကာ မိမိဘက်မှ ကုန်ပစ္စည်းများကို တစ်ဖက် တရုတ်နိုင်ငံ နယ်စပ်မြို့ရှိ မိန်းတိန့်မြို့သို့ ကူးသန်းရောင်းဝယ်ခဲ့ရသည်။ လွယ်အိတ်တစ်လုံးကို ဘေးစောင်းလွယ်၍ နေပူကျဲကျဲ ထော်လာဂျီ အသံ ဆူဆူညံညံ ကြားမှာ ရုန်းကန် ခဲ့ရသည်။ လမ်းမှာ ကြုံတွေ့ရသည့် အခက်အခဲ မှန်သမျှကို ပြုံး၍ တစ်မျိုး မသိဟန်ဆောင်၍ တစ်ဖုံ ပြောဆို ဆက်ဆံ ဖြေရှင်းခဲ့ရသည်။

အခုတော့ မနေ့က တွေ့လိုက်ရသည့် မချစ်မီးတစ်ယောက် ယခင်ကလို မဟုတ်တော့ပါ။ မချစ်မီးတစ်ယောက် ပြုံးလို့ ရွှင်လို့.. လက်ကဆွဲလာတဲ့ လက်ဆွဲအိတ် အကြီးကြီးထဲမှာ လိုင်စင် ဂျူတီစောင်ထားတဲ့ စာရွက် စာတမ်းတွေ နမူနာတွေနဲ့ ကုန်ရောင်း သွားမလို့ဟု သိရသည်…

ဤဒေသဟာ အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်လာပြီး ရေထွက်ပစ္စည်းများဖြစ်သည့် ငါးရှဉ့် ဂဏာန်းများ၊ ရာဘာ၊ ပြောင်း၊ ကြံနှင့် ဆန်များ တင်ပို့ခြင်းဖြင့် နာမည်ရနေသော ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းလည်း ရှိနေသည့်အတွက် မချစ်မီး တစ်ယောက် နိုင်ငံတော်အား တရားဝင် အခွန်များ ပေးဆောင်လျက် ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေနေပြီ။

အခြားသူတစ်ယောက်နှင့် စကားလက်ဆုံကျရင်း သူမ ပြောလိုက်သည့် စကားတစ်ခွန်း ကျွန်ုပ် သတိထား မိလိုက်သည်ကား.. “ခေတ်ပြောင်းလို့ ကျွန်မ အလုပ် ပြောင်းလိုက်ပြီ… ဆရာတို့လည်း အလုပ် ပြောင်းသင့်ပြီ” ဆိုတဲ့ မချစ်မီးရဲ့ စကား...  လက်ဆောင် ပါးလိုက် ရပါတော့သည်…

အိုပါး(ချင်းရွှေဟော်)

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 11:21 AM

မြန်မာတို့ စားသုံးသည့် စားဖိုဆောင် သီးနှံအမျိုးမျိုးမှ သီးနှံတစ်မျိုးဖြစ်သည့် ရွှေဖယုံသီးကို မိမိဒေသတွင် စိုက်ပျိုးကြကာ စားသုံးမှု ပိုလျှံသည့် အတွက် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြပါသည်။ ယခုနှစ်တွင်လည်း ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူး၊ ကောင်ကျဲ၊ ဟိုလီကျေးရွာ များနှင့် ဟိုပန်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ ရွှေဖယုံသီးမှာ တစ်တန်လျှင် ကျပ် (၂)သိန်းကျော် ရရှိကြောင်း၊ ရွှေဖယုံသီး စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ မိမိဘက်တွင် ရွှေဖယုံသီး စိုက်ပျိုးထွက်ရှိသော ရာသီမှာ ဆောင်းရာသီ ဖြစ်၍ တရုတ်နိုင်ငံ အတွင်း အအေးဓာတ် လွန်ကဲပြီး ရာသီဥတု ဆိုးရွားသော အချိန် ဖြစ်နေသဖြင့် သီးနှံစိုက်ပျိုးရန် ခက်ခဲသော ရှန်းဟိုင်း ကဲ့သို့သော မြို့ကြီးများသို့ ဈေးကွက်ရှာ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရွှေဖယုံသီး တန်ချိန် သုံးသောင်းကျော် တင်ပို့နိုင်ရေး ကြိုးစား လျက်ရှိကြောင်း၊ ရွှေဖယုံသီး တင်ပို့ခြင်းကို တရုတ်နိုင်ငံအပြင် ဥရောပ ဈေးကွက်သို့ ထိုးဖောက် တင်ပို့သွားမည် ဖြစ်ကြောင်း၊ ယခု အောက်တိုဘာ လတွင် စိုက်ပျိုးသော ရွှေဖယုံသီးမှာ ယခု ဇန်နဝါရီလအတွင်း ထွက်ရှိတော့မည် ဖြစ်သဖြင့် ဈေးကွက် ကြိုတင် ရှာဖွေလျက် ရှိကြောင်း၊ တောင်သူများ ထွက်ရှိသမျှ ဝယ်ယူ၍ ဈေးကွက်ရှာ တင်ပို့သွားမည် ဖြစ်ကြောင်း၊ ကွမ်းလုံမြို့ အခြေစိုက် ရွှေကွမ်းလုံ ကုမ္ပဏီမှ မန်နေဂျာမှ ရှင်းပြသည်ကို သိရှိရသဖြင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့မည့် အတွက် မကြာမီ ရွှေဖြစ်တော့ ချင်းရွှေဟော် လို့သာ တင်စားလိုပါတော့သည်။

အိုပါး(ချင်းရွှေဟော်)

ကြာသပတေးနေ့၊ ၁၇ ဇန်နဝါရီလ ၂၀၁၃ 16:50 PM

ဒေသခံ ကုန်သည်များ လုပ်သာ ကိုင်သာ ရှိစေရန် Individual Trading Card (ITC) ကတ်များကို တမူး၊ မူဆယ်နဲ့ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ထုတ်ပေး နေပြီဖြစ် ပါတယ်။ တမူးနဲ့ မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် (ITC)နဲ့ ကုန်သည် ငယ်များ ဆောင်ရွက်မှု ရှိနေကြပြီဖြစ် သော်လည်း မြဝတီ နယ်စပ်တွင်မူ လျှောက် ထားသည့် အရေအတွက် နည်းနေသေးတဲ့ အပြင် ကုန်သွယ်မှုလည်း ဆောင်ရွက်မှု မရှိသေးဘူးလို့ သိရပါတယ်။

(ITC)ကို အသုံးပြုပြီး တစ်နေ့လျှင် ကျပ် ၁ဝ သိန်းဖိုး နှုန်းနဲ့ တစ်ပတ်လျှင် ကျပ်သိန်း ၅ဝ ဖိုးထိ ကုန်သွယ်မှု ပြုနိုင်ပြီး ကရင် ပြည်နယ် အတွင်း နေထိုင်တဲ့ မည်သည့် ကုန်သည်မဆို (ITC) လျှောက်ထား ဆောင်ရွက်နိုင်ရန် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမ ဝန်ဆောင် ပေးနေပြီ ဖြစ်ပါတယ်။

ကုန်သည်ငယ် အချို့ထံမှ သိရှိရချက်မှာ ကုန်သည် အသင်းသို့ ကုန်သည် အသင်းဝင်ကြေး ကျပ် ၅ဝဝဝဝ ခန့် ပေးသွင်း နေရတဲ့ အခက်အခဲ ရှိနေတယ်လို့ သိနေ ရပါတယ်။ နိုင်ငံတော်မှ ကုမ္ပဏီ မထူထောင် နိုင်တဲ့ ဒေသခံ ပြည်သူ၊ တောင်သူ လယ်သမား၊ ကုန်သည်ငယ်များ လုပ်နိုင် ကိုင်နိုင်အောင် (ITC)ကို စီစဉ် ပေးထားခြင်း ဖြစ်တဲ့ အတွက် ထိုက်သင့်တဲ့ ဝင်ကြေး၊ ဝင်ခွင့်နဲ့ ဆောင်ရွက် ပေးနိုင်ရေး ကုန်သည် အသင်း အနေနဲ့ ပြန်လည် စဉ်းစား သင့်ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံက ဒီဇင်ဘာလ အတွက် ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နယ်စပ် ကုန်သွယ်ရေး အနေနဲ့ နိုင်ငံတော် ငွေစာရင်းသို့ ကျပ် ၅ဝဝဝဝ ပေးသွင်းပြီး (ITC)များ ထုတ်ပေး နေပြီး လိုအပ်သော ရုံးစာရွက် စာတမ်း၊ ကတ်ပြားဖိုး အပါအဝင် အတွက် ငွေကြေး တစ်စုံ တစ်ရာ ကောက်ခံခြင်း မရှိဘဲ အချိန် (၁) နာရီ အတွင်း ထုတ်ပေး နေတာ ဖြစ်ပါတယ်။

(ITC)နဲ့ လိုင်စင် လျှောက်ထားမှု အတွက် သက်တမ်း (၇)ရက် သတ်မှတ် ထားကြောင်းနဲ့ သွင်းကုန် ဆောင်ရွက်မှုကို (၇)ရက် အတွင်း တစ်ပြိုင်တည်း ဆောင်ရွက်နိုင်တဲ့ အတွက်လို့ သိရပါတယ်။ လိုင်စင် သက်တမ်းမှာမူ (၃)လ သတ်မှတ် ပေးထားပြီး ပထမ အကြိမ် (၂)လနဲ့ ဒုတိယ အကြိမ် (၁)လ သက်တမ်း တိုးခွင့် ပေးထားတဲ့ အတွက် လိုင်စင် (၁)စောင်ဟာ စုစုပေါင်း (၆)လ သက်တမ်းရှိ နေတဲ့ အတွက် လောလောဆယ်မှာ (ITC)နဲ့ လုပ်ငန်း ဆောင်ရွက်တဲ့ အနေအထား မရှိသေး တာလို့ စခန်း တာဝန်ခံမှ ထောက်ပြထား ပါတယ်။ တမူးနဲ့ မူဆယ်မှာ (ITC)နဲ့ လက်တွေ့ ကုန်သွယ်မှု ဆောင်ရွက် နေသော်လည်း မြဝတီ နယ်စပ်မှ အသုံးမပြု ခြင်းဟာ ကုန်သည်ငယ်များ ကျယ်ကျယ် ပြန့်ပြန့် မသိတာကြောင့် ဒါမှမဟုတ် အခြား အခြားသော အကြောင်းများ ရှိနေ သလားဆိုတာ စဉ်းစား စရာပါ ----------

Source: နကသ(မြဝတီ) ယဉ်ငြိမ်းအေး

Pages