တခါတစ်လေ အမှတ်တရ လက်ဆောင် ပစ္စည်းများ အခမဲ့ ရတဲ့ အစား အသောက်များ ကိုမှ စားသုံး တတ်တဲ့ လူတွေရဲ့ စရိုက် ရှိတတ်တယ်။ ကရင်ပြည်နယ် မာနယ်ပလော စခန်း သိမ်းပိုက်တဲ့ အချိန်မှာ ရန်သူများ ထားခဲ့တဲ့ ပရိဘောဂ အချောကိုင်သုံး ချိတ် ဆေးရည် (Varnish)ကို တပ်ကြပ်ကြီး တစ်ဦးမှ ဦးစီး ဦးဆောင် သောက်ပြရာ စစ်သည် (၉)ဦး ချက်ချင်း သေတာ ကြုံဖူး ပါတယ်။

တစ်စုံ တစ်ယောက်သော သူက ၎င်းဆေးရည်ကို ဆားခပ် ထည့်ရင် အရက်လို သောက်လို့ ရတယ် ဆိုတဲ့ အတွက် သောက်မိ ကြတာ ဖြစ်တယ်။ အကယ်၍သာ ၎င်းဆေးရည်ဟာ သောက်မိရင် အဆိပ် ဖြစ်တယ် ဆိုတာ နဂို ကတည်းက စဉ်းစား မိမယ် ဆိုရင် အဲဒီလောက် အဖြစ် ဆိုးကြီး ကြုံတွေ့ စရာ မရှိနိုင်ဘူး၊ အသောက် မတော်တဲ့ အတွက် တစ်ချက်တည်း အသက်ပါ သွားတဲ့ အဖြစ် သနစ်က ကျွန်တော် အတွက် မမေ့နိုင်တဲ့ ကိုယ်တွေ့ အဖြစ် အပျက် တစ်ခု အဖြစ် ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံကို သိပ္ပံ စမ်းသပ်ခန်း တစ်ခန်းလို့ သဘောထား ကြလား မသိဘူး၊ ၁၉၈၉ ခုနှစ် ခန့်က ပြင်သစ် ဆေး ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ငှက်ဖျား ကာကွယ်ဆေးကို မြန်မာ- ထိုင်း နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှာ လာရောက် စမ်းသပ် တိုက်ကျွေးကြောင်း ကြားဖူး ပါတယ်။

အိမ်နီး နားချင်း နိုင်ငံများမှ လူသုံးကုန် ပစ္စည်းနဲ့ စားသောက်ကုန် ပစ္စည်းများ အသစ် ထုတ်တိုင်း ကျွန်တော်တို့ နိုင်ငံသားများနဲ့ စမ်းသပ်သွားတာ ဖြစ်တယ်။ သစ်သီး ကုန်စည်ဒိုင် တစ်ခုက တာဝန်ရှိသူ တစ်ဦးနဲ့ စကား စမြည်း ပြောကြားရင်းနဲ့ တရုတ် နိုင်ငံသားများ ကျွန်တော်တို့ နိုင်ငံ အတွင်း ပိုင်းမှာ ဖရဲသီး လာရောက် စိုက်ပျိုးလာခြင်း အကြောင်းများ အထိ စကား ပြောရင်း ရောက်သွားတယ်၊ ၎င်းပုဂ္ဂိုလ်မှ ပြောပြရာမှာ တရုတ် စိုက်ပျိုးရေး ပညာရှင်များဟာ သူတို့ တီထွင် ထုတ်လုပ် လိုက်တဲ့ ဓါတ်မြေ သြဇာနဲ့ သီးနံှတွေ စိုက်ပျိုးပြီး သွားရင် ၎င်းမြေကြီးဟာ မြေဆီ ဘယ်လောက် ပျက်စီးသွားတယ်၊ ၎င်းမြေကြီးဟာ ဆက်လက် စိုက်ပျိုး လုပ်ကိုင်လို့ ရ/ မရတာကို လာရောက် စမ်းသပ်တာ ဖြစ်ကြောင်း သူ့ အမြင်ကို ပြောပြတာ ဖြစ်ပါတယ်။

၎င်းကပဲ ဆက်ပြော ကြားရာမှာ သူတို့ နိုင်ငံ၊ သူတို့ မြေကြီး၊ သူတို့ လယ်ယာ မြေတွေမှာ စမ်းသပ်လို့ အဲဒီမြေဟာ သုံးစားလို့ မရတော့ဘူး ဆိုရင် သူတို့ သိပ်နစ်နာ မှာတဲ့၊ ကြည့်နေပါတဲ့ သူတို့ စမ်းသပ်မှု ပြီးသွားရင် ကျွန်တော်တို့ရဲ့ ဖရဲသီးတွေ ဝယ်မှာ မဟုတ်တော့ဘူးလို့ ပြောသွားခဲ့ ပါတယ်။ ကုန်စည်ဒိုင်က ပြောသလို မှန်ကန်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ဟာ မိအေး နှစ်ခါနာ ဘဝမျိုး ဖြစ်သွားနိုင် ပါတယ်။ လူတွေပါ သေတာ မဟုတ်တော့ဘူး၊ မြေကြီးပါ သေသွားမယ် ဆိုရင် ဆိုပြီးတော့ စဉ်းစားမိတိုင်း ဤဆောင်းပါး ရေးဖြစ်သွား တာပါ။ ကျွန်တော် မူဆယ်မြို့မှာ မြင်တွေ့ နေရတာက ယခင် ဒီအချိန်ဆိုရင် (ဒီဇင်ဘာ/ ဇန်နဝါရီလ) မြန်မာ နိုင်ငံထွက် ဖရဲသီးများ တရုတ် နိုင်ငံပို့ဖို့ (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး ဇုန် အတွင်း အလွန် စည်ကား နေတဲ့ အချိန်ဖြစ် ပါတယ်။

အခုတော့ ဖရဲသီး တင်တဲ့ ကားများ ကျိုးတိုး ကဲျတဲ၊ ဟိုနား တစ်စီး ဒီနား တစ်စီသာ မြင်တွေ့ နေရတော့တာ ဖြစ်တယ်။ ဖရဲသီး ကုန်သည်တွေရဲ့ ခိုလို ညည်းတွား နေတဲ့ အသံသာ မကြားချင် အဆုံး ကြားနေရတာ ဖြစ်တယ်။ ဖရဲသီး ကုန်သည် တချို့ မူဆယ်မှာ တင်ရတဲ့ ဈေးနဲ့ အရှုံးခံပြီး ရောင်းချ ကြကြောင်း စိတ်မကောင်းစွာနဲ့ ကြားသိရ ပါတယ်။ ကုန်စည်ဒိုင်က မိတ်ဆွေ ပြောသလိုမျိုး ဖရဲ စိုက်ပျိုး စမ်းသပ်မှုကြီး တစ်ကယ်ပဲ ပြီးဆုံးသွားပြီလို့တောင် ထင်ရလောက်အောင် လက်ရှိ အခြေအနေနဲ့တောင် ကိုက်ညီနေတာကို မြင်တွေ့ရတာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရ ပါတယ်ခင်ဗျာ..

ကျွန်တော့် မိတ်ဆွေတစ်ဦးမှ '' ခင်ဗျားရေးတဲ့ ဆောင်းပါး ဖတ်ကြည့်တော့၊ သူများ စီးပွားရေးကို ထိခိုက် စရာတွေ ချည်းပဲ ဖြစ်နေတယ်၊ သတိလည်း ထားပါဦး'' လို့ စေတနာနဲ့ လာပြော ပါတယ်။ ကျွန်တော်လည်း ပြန်ရှင်း ပြရ ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေ ထိခိုက် စေလိုတဲ့ သဘော၊ နစ်နာ စေလိုတဲ့ သဘော မပါဝင်တဲ့ အကြောင်း၊ သူများ နိုင်ငံမှာ စားသုံးသူ ကာကွယ်ရေး အလေး အနက် ထားချိန်မှာ ကိုယ်ဆီမှာ စားသုံးသူ ဘက်မှ အကာအကွယ် ပေးမယ့် လုပ်ငန်းက အားနည်း နေသေးတဲ့ အကြောင်းများကို ရှင်းပြခဲ့ ပါတယ်။

မြန်မာနိုင်ငံက တင်ပို့တဲ့ အေးခဲ အမဲသားဟာ ပိုးမွှာ ကင်းရှင်း ပေးမယ့်လို့ တရုတ်နိုင်ငံမှ ရောဂါပိုး ပါလာတယ်ဆိုပြီး ပိတ်ပစ်တယ်။ တစ်ဖက်က ခိုးကြောင် ခိုးဝှက် ဈေးနှိမ် ဝယ်ပြန်တယ်။ ဘယ်လို နားလည်လို့ ရမလဲ။ ဟိုးတလောက ဧရာဝတီ တိုင်းဒေသကြီး ဘက်က သတင်း တစ်ပုဒ် ကြားရတာ စိတ်မချမ်း သာစရာ ဖြစ်ခဲ့တယ်၊ ငါးပိရေကျို ပြုလုပ်ရာမှာ ဓါတ်မြေ သြဇာကို အသုံးပြုတယ် ဆိုတာဘဲ ဖြစ်တယ်၊ ပြုလုပ်တဲ့ သူတွေ စားဖို့ကြတော့ သီးခြား ဖယ်ထား တယ်လို့ ကြားရပါတယ်။

နေပြည်တော် အထက (၁၄) က ကျောင်းသား မိဘ တစ်ဦးရဲ့ ရင်ဖွင့်သံလည်း ထိတ်လန့် စရာ မှတ်သား ရပါတယ်။ ငါးတန်း ကျောင်းသူလေး (၁) ယောက် နေ့စဉ် အစပ်ချောင်း မုန့် (ကလေးများ အခေါ် ဂျူးမြစ်မုန့်) နေ့တိုင်း ဝယ်စားခဲ့ကြောင်း၊ လေးလလောက် အကြာ (၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ) မှာ ဗိုက်နာတယ် ဆိုပြီး ဆေးရုံး အပို့မှာ ကွယ်လွန် သွားကြောင်း စသည်ဖြင့် သတင်း ဆိုးများ ကြားနေရတဲ့ အတွက်ကြောင့် စားသုံးသူ အကာ အကွယ် ပေးရေး အကြောင်းများ ကြားသမျှ၊ သိသမျှ မရေးဘဲ မနေနိုင် ကြောင်းများအား ကျွန်တော့် မိတ်ဆွေကို ရှင်းပြခဲ့ရပါတယ်။

ရန်ကုန်မှာ နေတဲ့ ညီဖြစ်သူ ဆီက တယ်လီဖုန်း လာလို့ ကိုင်ကြည့်တဲ့ အခါ လမ်းဘေးဆိုင်မှာ ရောင်းတဲ့ မုန့်ဟင်းခါး စားပြီး နောက်ပိုင်း တောက်လျှောက် အန်နေ ရကြောင်း၊ တနေကုန် အန်ချင်ကြောင်း၊ ဘာမှ စားသောက်လို့ မရတော့တဲ့ အကြောင်းများ ပြောလာ ပါတယ်။

ဤကဲ့သို့ ဖြစ်ရခြင်း အကြောင်းရင်းကို ကျွန်တော် စဉ်းစားတဲ့ အခါမှာ မုန့်ဟင်းခါး ကြောင့်လား စားတဲ့သူ ကြောင့်လား ဆိုတာ အချက် ၂ ချက်နဲ့ စဉ်းစားခဲ့ ပါတယ်။ မုန့်ဟင်းခါးမှာ ပါဝင်တဲ့ ပစ္စည်းတွေ မသန့်ရှင်းလို့ ဖြစ်တာလား ဒါမှမဟုတ် ဓါတ်မတည့် တာတွေကြောင့်လား၊ စားသောက်တဲ့ ညီက မုန့်ဟင်းခါး မစားမီ အခြား ဓါတ်မတည့်တဲ့ အစားအစာတွေ စာမိလို့လား စသည်ဖြင့် စဉ်းစားစရာ အကြောင်းတွေ ဖြစ်လာရ ပါတယ်။ လမ်းဘေး စားသောက်ဆိုင် တချို့ဟာ သန့်ရှင်းမှု ပိုင်းမှာ အလွန် အားနည်းတာ မြင်တွေ့ နေရပါတယ်။ ပေကံျနေတဲ့ လက်နဲ့ အစားအသောက်များ ကိုင်တွယ် ရောင်းချ နေတတ်ကြ ပါတယ်။ များသော အားဖြင့် လက်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ ကပ်ပါ လာတတ်ပြီး စားသုံးသူကို ရောဂါရ စေတတ် တာဖြစ်တယ်။

တချို့ ဆိုင်တွေကျတော့လည်း စားသောက်ကုန် ပစ္စည်း အပိုင်းမှာ ဈေး သက်သာတာ ရှာထားတဲ့ အတွက် မလတ်ဆတ် တော့တာတွေ၊ မူမမှန်တော့တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အခါကျတော့ စားသုံးသူမှာ လာပြီး ဒုက္ခ ရောက်ရကြ တော့တယ်။ အချို့လူများ ကျတော့လည်း ဘယ်အချိန်မှာပဲ စားစား တစ်ခါ လေးတောင် ဗိုက်မနာ ကြဘူး၊ လမ်းဘေး ဆိုင်တွေမှာ ဘယ်လိုပဲ စားစား ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူးလို့ ပြောတတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်တွေ ရောဂါဖြစ်တာ မသိသေးတာ ဖြစ်မယ်၊ ရောဂါ ဖြစ်တာ သိသွားတဲ့ အချိန်မှာ ဆေးမမီတော့တဲ့ ဘဝ ရောက်တတ် ပါတယ်။

ဒါကြောင့် စကားပုံမှာ '' အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း'' ဆိုထားတာ ဖြစ်ပါတယ်။ အခန့် မသင့်ရင် တစ်ခါ စားရုံနဲ့ ဝုန်းကနဲ့ လဲကျပြီး သေဆုံးတဲ့ အဖြစ်တွေ ကြားဖူးပါတယ်။ ဖြစ်ချင်လျှင် ဒူးဆစ်လောက် ရှိတဲ့ရေ ချောင်းထဲ ရေနစ်ပြီး သေဆုံးတဲ့ အဖြစ်တွေ ကြားဖူးပါတယ်။ ရှေးလူကြီး သူမများက ပေါ့ပေါ့ တန်တန် မစားကြဖို့၊ မလုပ် မကိုင်ကြဖို့ ဆိုဆုံးမ ခဲ့တာပဲ ဖြစ်ပါတယ်။

Pages