ရိဒ်စခန်း၌ တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း လေ့လာထားရှိသော ကုန်သွယ်မှု အခြေအနေ တစ်စိတ်တစ်ဒေသ၏ ဒိုင်ယာရီ

Fri, 05/10/2013 - 08:15 -- admin

ကြာသပတေးနေ့ ၂၁ မတ်လ  ၂၀၁၃ 11း 16 AM

တပေါင်းလ ရာသီသို့ ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်၍ တောင်လေအေးက မြူးမြူးကလေး ဝှေ့ယမ်း တိုက်ခိုက် နေပြီး၊ နေ့အချိန်တွင် အပူချိန် မြင့်မား၍ ညအချိန်၌ ချမ်းအေးလျက် ရှိသော ရာသီဥတု၏ အလှည့် အပြောင်းဒဏ်ကို ကြံ့ကြံ့ခံလျက် ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်မှာ ၅ လ ကျော်ပြီး ၆ လထဲ ရောက်လာပြီ ဖြစ်၍ ရုံးချုပ်တွင် တစ်ဖန် ပြန်လည် တာဝန် ထမ်းဆောင်ရန် အလှည့်ကျ လာတော့မှာ ဖြစ်ပြီး တာဝန် လည်းလှယ်ရန် ရောက်ရှိလာမည့် အဖွဲ့အတွက် လွှဲပြောင်း ပေးရမည့် စာရွက် စာတမ်း၊ စာရင်းဇယားများ နှင့် ပုံသေပိုင် ပစ္စည်းများကို စာရင်းပြုစုရင်း တစ်ပြိုင်တည်းမှာ ပင် ရုံးချုပ်သို့ ရောက်ရှိသည့် အခါ အစစ်ဆေးခံရမည့် စာအုပ် စာတမ်းများ၊ စာရင်းဇယား ကိန်းဂဏန်းများ မှန်ကန်မှု ရှိရေးအတွက် ကြိုတင်လုပ်ဆောင်နေလျက်ရှိပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

၁-၁ဝ-၂ဝ၁၂ မှ ၃၁-၃-၂ဝ၁၃ ရက်နေ့အထိ နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တာဝန်ထမ်းဆောင် ရန် အတွက် တာဝန် ပေးအပ် ခြင်းခံရသော ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများတို့ကို ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ၂၇-၉-၂ဝ၁၂ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် မှာကြားခဲ့သော အမှာစကားများ ဖြစ်သည့် '' အလုပ် လုပ်တဲ့ အခါမှာ တာဝန် ကျေပွန်အောင်နဲ့ အကောင်းဆုံး ဖြစ်အောင်လုပ်ပါ၊ တိုင်းပြည်အပေါ် စေတနာ ထားပြီး လုပ်ပါ၊ ခေတ်ပြောင်း စနစ်ပြောင်း ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး စိတ်ကောင်း စေတနာထား၊ မေတ္တာ ထားပြီး လုပ်၊ ဘာပဲ လုပ်လုပ် မျှမျှတတ လုပ်ရမယ်၊ တည်တည် ငြိမ်ငြိမ်နဲ့ ရာထူး တက်စေချင် တယ်၊ ပြဿနာ မဖြစ်စေချင်ဘူး '' ပြည်ထောင်စု ဝန်ကြီး မှာကြားခဲ့သော အမှာစကား များ အတိုင်း နှလုံးသွင်း ၍ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ သောကြောင့် အောင်မြင်စွာ ဖြင့် (၆) လ တာဝန်ကို ထမ်းဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။

တာဝန် ထမ်းဆောင်စဉ် ကာလ၌ ကုန်သည်များ၏ လုပ်ငန်း ဆောင်ရွက် နေမှု၊ တင်ပို့ လျက်ရှိသည့် ကုန်ပစ္စည်း တစ်ခိျု့၏ တစ်ဖက် နိုင်ငံ ဝယ်လိုအားနှင့် ကုန်စည် ပို့ဆောင်ရေးတွင် အသုံးပြု လျက်ရှိသော တောင်ပေါ် ကားလမ်း အခြေအနေတို့ကို အလျဉ်းသင့်၍ တင်ပြလိုက် ရပါတယ် ---

ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန် မြို့နယ်၊ တွီးဒီ ကျေးရွာ အုပ်စု၊ ဟိုင်မွှာလ် ရွာမှာ တည်ရှိပြီး ကလေးမြို့မှ ၃၂ မိုင်ခန့် ကွာဝေး၍ မိမိ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ ကျန်ဖိုင်း မြို့နယ် လက်အောက်ခံ ဇိုခေါဒါရ် ကျေးရွာနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်း အဆင်ပြေစွာ ဆောင်နိုင်ရန် အတွက် ဖွင့်လှစ်ထားသော နယ်စပ် ကုန်သွယ်ရေး စခန်း တစ်ခု ဖြစ်ပါတယ်။

မိမိ နိုင်ငံမှ ဇိုခေါဒါရ် ကျေးရွာဘက်သို့ တင်ပို့သော ကုန်ပစ္စည်း များမှာ ကွမ်းသီး၊ ဆေးရိုး၊ ဆေးကြေမှုန့်၊ ဝက်အရှင်၊ မုန့်မျိုးစုံ၊ ဖရဲသီး၊ ချင်းအစို၊ VE VE အချိုရည်၊ ငါးသေတ္တာဗူး၊ စီးကရက်၊ ပြည်တွင်းဖြစ် အရက်/ဘီယာ၊ ပလပ်စတစ်အိတ် (PP) ၊ ဆပ်ပြာ/ ဆပ်ပြာမှုန့် အစရှိသော မိမိနိုင်ငံ လုပ်ကုန် ပစ္စည်းများ အပြင် တရုတ် နိုင်ငံလုပ် ကုန်ပစ္စည်း များဖြစ်သော ပန်းသီး၊ စောင်၊ တီရှပ်၊ ဖိနပ်၊ ဓါတ်ဗူး၊ ထမင်း ပေါင်အိုး၊ ကျောက်ခွဲစက်၊ ကျောက်ဖောက်စက် တို့ကိုတင်ပို့ကြတာတွေ့ရပါတယ်။

တရုတ် နိုင်ငံ ထုတ်ကုန် ပစ္စည်းများ တင်ပို့ခြင်းကို လေ့လာ ကြည့်သော အခါ တရုတ် နိုင်ငံလုပ် ပစ္စည်း များသည် မိမိတို့ နိုင်ငံ အတွင်း လူသုံးများသည် သာမကဘဲ မီဇိုရမ် ပြည်နယ် အတွင်း၌ပါ ဈေးကွက် ဝေစု ရရှိနေတာကို တွေ့ရှိရပါတယ်။ လူသုံးများ ရခြင်း အကြောင်း လေ့လာ ကြည့်သော အခါ ဈေးနှုန်းသက် သာပြီး လူတန်းစား မရွေး သုံးစွဲနိုင်တာကို တွေ့ရှိရပါတယ်။

ချင်းပြည်နယ် တွင် ချင်းတောင်း ပန်းသီးတွေ ထွက်ရှိနေတယ် ဆိုတာကို ကြားသိ ထားပါတယ်။ ရိဒ်စခန်းမှာ တာဝန် ထမ်းဆောင် နေစဉ် ကာလ အတွင်း ချင်းတောင် ပန်းသီးတွေ တင်ပို့တာကို မတွေ့ရဘဲ တရုတ် ပန်းသီးများ တင်ပို့တာကို တွေ့ရသဖြင့် အဖြေသိလို၍ ပန်းသီး တင်ပို့နေတဲ့ ကုန်သည်လေး တစ်ဦးကို မေးကြည့်တဲ့ အခါ သူက အခုလို ပြောပြပါတယ် '' တရုတ် ပန်းသီးတွေက အလုံးချောတယ်၊ ချိုတဲ့ အရသာရှိတယ်၊ ကြာရှည် အထားခံ နိုင်တယ်၊ ချင်းတောင် ပန်းသီးတွေက တရုတ် ပန်းသီးတွေ လောက် အရွယ်အစား မကြီးဘူး၊ ချိုတဲ့ အရသာလည်း နည်းတယ်၊ ၅ ရက် ၆ ရက်လောက်ဘဲ အထားခံတယ်၊ ချင်းတောင် ပန်းသီး တွေက မုံရွာ၊ စစ်ကိုင်းစတဲ့ ဒေသတွေကို သွားရောင်း ကြတယ်'' လို့သိရပါတယ်။

တစ်ဖန် ဖေဖော်ဝါရီလနှင့် မတ်လ တို့မှာ ဖရဲသီးတွေ တင်ပို့တာကို တွေ့ရသဖြင့် ဖရဲသီးအကြောင်း စုံစမ်း မေးမြန်း ကြည့်တဲ့ အခါ '' စစ်ကိုင်တိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ ဆက်စပ်လျက် ရှိသော အနီး တစ်ဝိုက် ကျေးရွာတွေ ဖြစ်တဲ့ ရွှေဘို၊ တောင်ခရမ်း၊ မြောက်ခရမ်း၊ ဟံသာဝတီ၊ မွှေ့လည်၊ နတ်ချောင်း၊ နတ်မြောင်း စသော ကျေးရွာတွေမှာ စိုက်ပျိုးကြပါတယ်၊ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ တွေမှာ လှိုင်လှိုင် ပေါ်တယ်၊ တစ်ခင်းလျှင် ဧကဝက်ခန့် အကျယ်ရှိ ပြီးတော့ အလုံးရေ ၁ဝဝဝ နဲ့ ၁၅ဝဝ အကြား ထွက်ရှိပါတယ်။ စိုက်ခင်းမှာ ဘဲဖရဲသီး အလုံးအကြီး၊ အသေး ပျမ်းမျှ တစ်လုံးလျှင် ၅ဝဝ ကျပ်နဲ့ ဝယ်ရပြီး၊ ရိဒ်မြို့နယ်ခွဲက ဖောက်သည် ထံကို တစ်လုံးလျှင် ၁၈ဝဝ -၂ဝဝဝ ကျပ်နဲ့ ဖောက်သည် ဈေးပေးရပြီး၊ ဇိုခေါဒါရ် (တစ်ဖက်နိုင်ငံ) က လာဝယ်တဲ့ ဖောက်သည်တွေ ကိုတော့ တစ်လုံးလျှင် ၂ဝဝ ရူပီးနဲ့ ရောင်း ပေးပါတယ်၊ အခု ဖရဲသီး တွေက ဖရဲ ကြားမျိုး ဖြစ်ပြီး တစ်လုံးလျှင် ပျမ်းမျှ အလေးချိန် ၄ ကီလိုဂရမ် လောက်ရှိပါတယ်၊ ဟိုင်မွှာလ် ဂျစ်ကား တစ်စီးကို ဖရဲသီး ၄ဝဝ လုံးခန့် တင်ဆောင်နိုင်ပြီး၊ ကလေး-ရိဒ် သယ်ယူ စရိတ်မှာ တစ်ပိသာလျှင် ၁၂ဝ ကျပ်ပေး ရကြောင်း''သိရှိရပါတယ်။

စိတ်ဝင်စားဖွယ် ကောင်းတဲ့ ပို့ကုန် ပစ္စည်း တစ်မျိုးမှာ ဝက်အရှင် ဖြစ်ပါတယ်။ ဝက်ကုန်သည် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေသူများမှာ အမျိုးသမီးများ ဖြစ်ပြီး၊ အမျိုးသားများ လုပ်ကိုင်ခြင်း မရှိတာကို တွေ့ရ ပါတယ်။ ကလေး မြို့နယ်၊ မွန်းထား ရပ်ကွက်၌ ဝက်ကုန်သည် အလုပ်ဖြင့် အသက်မွှေး ဝမ်းကျောင်း ပြုနေသူ ၂ဝ-၃ဝ ဦးခန့် ရှိကြပါတယ်။ ကလေး မြို့၌ (၂) လသား အရွယ် ဝက်ပေါက် တစ်ကောင်လျှင် ၂၅ဝဝဝ- ၃ဝဝဝဝ ကျပ်၊ (၄/၅) လသား အရွယ် ဝက်ပေါက် တစ်ကောင်လျှင် ၆ဝဝဝဝ-၇ဝဝဝဝ- ၇၅ဝဝဝ ကျပ် ဈေးပေး၍ ဝယ်ယူ ရပါတယ်။ ဝက်ကုန်သည် တစ်ဦးသည် (၂) လသား အရွယ်ဝက်ပေါက် (၂ဝဝ) ကောင် သို့တည်းမဟုတ် (၄/၅) လသား အရွယ်ဝက် (၉၈) ကောင်အထိ စုမိပြီဆိုရင် (ဟိုင်မွှာလ် ဂျစ်ကား တစ်စီးတင်နိုင်သည့် အရေအတွက်) ရိဒ်မြို့ နယ်ခွဲမှ တစ်ဆင့် တစ်ဖက် နိုင်ငံ ကျန်ဖိုင်းသို့ တင်ပို့ ရောင်းချပါတယ်။ အခုလို သယ်ယူတဲ့ အခါမှာ သယ်ယူ ပို့ဆောင်ခ အနေနဲ့ ဟိုင်မွှာလ် ဂျစ်တစ်စီးကို ၃ဝဝဝဝဝ ကျပ် ပေးရကြောင်း သိရပါတယ်။ တစ်လလျှင် တစ်ကြိမ်/ နှစ်ကြိမ် တင်ပို့ ရောင်းချပါတယ်။ အခုလို တင်ပို့ ရောင်းချ နိုင်ဖို့ အတွက် ကလေးမြို့က ဝက်ကုန်သည် များဟာ တစ်ဖက် နိုင်ငံ ကျန်ဖိုင်း မြို့မှာရှိတဲ့ ဝက်ကုန်သည်များ အသင်းနှင့် ဆက်သွယ် ထားပြီး ၄င်းအသင်းမှ ကလေးမြို့ရှိ ဝက်ကုန်သည် တစ်ဦးလျှင် ရူပီး ၁ဝဝဝဝဝ ကြိုတင်ငွေ အဖြစ် စိုက်ထုတ် ပေးကြောင်း သိရပါတယ်။ တစ်ဖက် နိုင်ငံ ကျန်ဖိုင်းမြို့မှာ (၂) လ အရွယ် ဝက်ပေါက် တစ်ကောင်လျှင် ရူပီး ၂၂ဝဝ-၂၅ဝဝ၊ (၄/၅) လအရွယ် ဝက်တစ်ကောင်လျှင် ရူပီး ၃၅ဝဝ-၄ဝဝဝ ရောင်းဈေး ရှိပါတယ်။

တစ်ဖက် နိုင်ငံ ကျန်ဖိုင်းမြို့မှာ မိမိနိုင်ငံက ဝက်များကို ဝယ်ယူရခြင်း အကြောင်းမှာ အိန္ဒိယနှင့် မီဇိုရမ် ပြည်နယ်သည် လမ်းပန်း ဆက်သွယ် ရေးခက်ခဲ သောကြောင့် အသား/ ငါးများ တင်ပို့ လျှင် (၁၅) ရက်ခန့် ကြာသဖြင့် လတ်ဆတ်မှု မရှိသောကြောင့် လည်းကောင်း၊ မီဇိုရမ်ပြည်နယ် အစိုးရသည် ကျေးလက်နေ ပြည်သူများမှ ဆင်းရဲနွမ်းပါး သူများကို ထောက်ပံ့မှု အနေဖြင့် အခကြေးငွေ မယူဘဲ ဝက်များ ဝယ်၍ မွေးမြူ ပေးခြင်း တို့ကြောင့် လည်းကောင်း၊ မိမိ နိုင်ငံမှ ဝက်များ တစ်ဖက်နိုင်ငံ ကျန်ဖိုင်း၌ ဝယ်လျက်ရှိ၍ ဝယ်လိုအား ကောင်းရခြင်း ဖြစ်ပါတယ်။

ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်း၌ ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်မှု ပြုလုပ်ရာတွင် ကလေး- တီးတိန်- ဟိုင်မွှာလ် တောင်ပေါ် ကားလမ်းအား အသုံးပြုရပါတယ်။ တောင်ပေါ် ဒေသ ကားလမ်း ဖြစ်သောကြောင့် နွေရာသီနှင့် ဆောင်းရာသီ တို့၌သာ ကားလမ်းကောင်း၍ မိုးရာသီတွင် တောင်ပြိုခြင်း နှင့် လမ်းများ ပေါ်၌ ရွှံ့နွံ့အိုင်များ ပေါ်ပေါက် လာသဖြင့် ရာသီမရွှေး အသုံးပြုရန် အတွက် အခက်အခဲ ဖြစ်လျက် ရှိနေတတ် ပါတယ်။

ကားလမ်း ကောင်းမွန်ချိန်တွင် ကလေးမှ ရိဒ်မြို့နယ်ခွဲ အထိ လမ်းခရီး၌ (၉) နာရီခန့် ကြာမြင့် သော်လည်း မိုးရာသီတွင် (၂၄) နာရီ သို့တည်းမဟုတ် (၂၉) နာရီခန့် ကြာမြင့် တတ်သောကြောင့် ကုန်စည် သယ်ယူ ပို့ဆောင်မှုတွင် လျှင်မြန်ချော့မွေ့စွာ ရောက်ရှိနိုင်ရေး အတွက် အတားအဆီး တစ်ခုဖြစ်ပေါ်လျက် ရှိနေပါတယ်။ ၄င်း ကားလမ်းကို ရာသီမရွှေး အသုံးပြုနိုင်အောင် ဖောက်လုပ် ပေးမည်ဆိုလျှင် ကုန်စည်များ သယ်ယူ ပို့ဆောင်ရာ၌ လျှင်မြန် ချောမွေ့မှု ရှိလာမည့် အပြင် ယခုထက်လည်း ကုန်ပစ္စည်းများ ပိုမို၍ တင်ပို့တင်သွင်း ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်မိပါတယ်။

တစ်ဖန် ကုန်သည်များ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်သော အခါ ငွေကြေးတက်နိုင်သည် ကုန်သည်ကြီးများ နည်းပါးသည်ကို တွေ့ရပါတယ်။ ရိဒ် နယ်စပ်၌ လုပ်ကိုင်လျက် ရှိသော ကုန်သည်များ အနေဖြင့် ကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချသည့် အခါ ကုန်ဖိုးငွေ လက်ငင်းမရရှိကြဘဲ (၃-၄) လခန့် ဆိုင်ငံ့ပေးထား ရပါတယ်။ ကွမ်းသီး ကုန်သည်များသည် ကွမ်းသီး တင်ပို့ပြီးလျှင် တစ်ဖက် နိုင်ငံမှ ဓါတ်မြေသြဇာ များကို ပြန်လည် တင်သွင်း၍ ကုန်ပစ္စည်း ဖလှယ်ခြင်း လုပ်ကိုင်ကြသည်ကို တွေ့ရှိ ရပါတယ်။ ရိဒ် နယ်စပ်၌ ကုန်စည် ကူးသန်းရောင်း ဝယ်မှု ပြုလုပ်ရာတွင် အရင်းအနှီး နည်းပါးသော ကုန်သည် လုပ်ငန်းရှင်များ များပြားသဖြင့် မူဆယ်၊ မြဝတီ၊ တမူး၊ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းများ ကဲ့သို့ပင် ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခွင့် ပြုပေးနိုင်ပါက အထိုက်အလျောက် ကုန်သွယ်မှု တိုးတက်လာမည့် အပြင် ဒေသခံ ချင်းတိုင်းရင်းသား တို့၏ လူနေမှု ဘဝကို ဖွံ့ဖြိုး စေရန် အတွက် အထောက်အပံ့ ရရှိလာ နိုင်မှာ ဖြစ်ပါတယ်။

ရိဒ် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းသို့ တင်ပို့သည့် ပို့ကုန် ပမာဏ များပြားပြီး၊ တစ်ဖက် နိုင်ငံ မီဇိုရမ် ပြည်နယ်မှ မိမိ နိုင်ငံဘက်သို့ တင်သွင်းသည့် သွင်းကုန် ပမာဏမှာ နည်းပါး ပါတယ်။ ပို့ကုန် ပမာဏ များပြားခြင်းမှာ တစ်ဖက် နိုင်ငံ မီဇိုရမ် ပြည်နယ် အတွင်း နေထိုင်ကြသော ပြည်သူတို့၏ လိုအပ်ချက်နှင့် ဝယ်ယူ သုံးစွဲမှု ပမာဏ မြင့်တက်လျက် ရှိသောကြောင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ ဝယ်ယူ သုံးစွဲမှု ပမာဏ မြင့်တက်လာ သဖြင့် တွင်ကျယ်စွာဖြင့် ရောင်းဝယ် ဖောက်ကား နိုင်ပြီး ဈေးကွက် တိုးမြှင့် လာနိုင်မည်ဟုယုံကြည် မိပါကြောင်း တင်ပြ လိုက်ရပါတယ်။

 

တင်ထွန်းဦး (ရွှေဘို)

ရိဒ် (ကသရ)