တာချီလိတ်ကုန်သွယ်ရေးစခန်း

တာချီလိတ်ကုန်သွယ်ရေးစခန်း

သမိုင်းအကျဉ်း

        မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နယ်နိမိတ်ချင်း (၁၈၀၀) ကီလိုမီတာ ထိစပ်လျက်ရှိပါ သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် (၂၄-၈-၁၉၈၄) ရက်နေ့မှစတင်၍ နှစ်နိုင်ငံသံတမန် ဆက်ဆံ ရေးကို ထူထောင်ခဲ့ပါသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူစာချုပ်ကို (၁၂-၄-၁၉၈၉) ရက်နေ့တွင် ရန်ကုန်မြို့၌ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို (၁၇-၃-၁၉၉၆) ရက်နေ့တွင် ရန်ကုန်မြို့တွင် ချုပ်ဆိုခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းကို ၁၉၉၆ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါ သည်။ ထိုစဉ်က မြန်မာ့ထုတ်ကုန်သွင်းကုန်လုပ်ငန်း MEIS က တာဝန်ယူဆောင်ရွက်ခဲ့ပြီး(၂၈-၈-၁၉၉၆) ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအဖြစ် တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ (၁၁-၁၂-၂၀၀၀) ရက်နေ့မှ (၁၁-၁-၂၀၀၅)ရက်နေ့အထိ နစခအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၁၂-၁-၂၀၀၅)ရက်နေ့မှစတင်၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက OSS (One Stop Services) အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင် ရွက်ခဲ့ပါသည်။ (၁၆-၁-၂၀၁၂) ရက်နေ့မှစ၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကအဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခြင်းမပြုတော့ဘဲ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စများ ဆောင်ရွက်ခြင်း၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာကိစ္စများကိုသာ ယနေ့ထိဆောင်ရွက်လျက်ရှိပါသည်။

တည်နေရာအကျယ်အဝန်း

          တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ် မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေး တွင် တည်ရှိပါသည်။ စခန်း၏အကျယ်အဝန်းမှာ စုစုပေါင်း (၂.၉၉)ဧက ကျယ်ဝန်းပြီး ပြည်ထောင်စု လမ်းမကြီး၏ တစ်ဘက်တစ်ချက်တွင် ပို့ကုန်ယာဉ်စစ်ကွင်း၊ သွင်းကုန်ယာဉ်စစ်ကွင်း၊ OSS ရုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။

        တာချီလိတ်စခန်းနှင့် (၁၇) မိုင်အကွာရှိ ဝမ်ပုံဆိပ်ကမ်းတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန ပိုင်မြေကွက် (၂.၉၉) ဧကရှိ မြေကွက်တစ်ကွက်ရှိပါသည်။

နယ်နိမိတ်ထိစပ်နေသည့်မြို့ရွာ

             တာချီလိတ်မြို့သည် တစ်ဖက်ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် ထိစပ်လျက်ရှိပြီး ကုန်သွယ်မှုများ ကိုဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်နိုင်ငံမြို့များ၏ ခရီးအကွာအဝေးများမှာအောက်ပါအတိုင်းဖြစ် ပါသည် -

              (က)    မယ်ဆိုင် - ချင်းမိုင်                         ၁၅၆  ကီလိုမီတာ

              ( ခ )   ချင်းမိုင် - ဘန်ကောက်                    ၆၉၆  ကီလိုမီတာ

              ( ဂ )   မယ်ဆိုင် - ဘန်ကောက်                   ၈၅၂  ကီလိုမီတာ

              (ဃ)    မယ်ဆိုင်-ကျင်းစန်(ဆိပ်ကမ်း)           ၃၀    ကီလိုမီတာ

ကုန်သွယ်မှုလမ်းကြောင်း

             တာချီလိတ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်နိုင်သည့် နယ်စပ်ဝင်/ထွက်ပေါက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

              (က)    တာချီလိတ် ချစ်ကြည်ရေးတံတား(၁) နှင့် (၂)တို့မှ ထိုင်းနိုင်ငံသို့

              ( ခ )   တာချီလိတ် - ကျိုင်းတုံ - ဝမ်တာပင်း - ( မိုင်းလား)မှ တရုတ်နိုင်ငံသို့

              ( ဂ )   တာချီလိတ် - တာလေ - (ကျိုင်းလပ်) မှ လာအိုနိုင်ငံသို့

              (ဃ)    တာချီလိတ် - မိုင်းဖြတ် - မိုင်းယောင်း - (မိုင်းယု)- အထူးဒေသ(၄) (BP 240) မှ တရုတ်နိုင်ငံသို့

              ( င )   တာချီလိတ်(ဝမ်ပုံ) - ဆွပ်ပလွေဆိပ်ကမ်း (အထူးဒေသ-၄) – (မိုင်းလား)မှ တရုတ် နိုင်ငံသို့
  

ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ               -    

  

 

ဆက်စပ်လုပ်ကိုင်နေသောအသင်းအဖွဲ့များ

          တာချီလိတ်မြို့ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း၊ တာချီလိတ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တရားမဝင်ကုန်သွယ်မှုလမ်းကြောင်း

         တာချီလိတ်ကုန်သွယ်ရေးစခန်း တည်ရှိရာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် အခြား စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသွားလာနိုင်သည့် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နိုင်သည့် ရှောင်ကွင်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

              (က)    လမ်းကြောင်း(၁)။ တာချီလိတ်မှ မယ်ယန်းစစ်ဆေးရေးဂိတ်သို့ မရောက်မီ (၆)မိုင် ခန့်အကွာရှိ ဝမ်ကျောက်လုံ-မယ်ဟုတ်ရွာတို့မှတစ်ဆင့် ဝဲဘက်တောင်ကြောလမ်း အတိုင်း မယ်ယန်းဂိတ်အလွန် မိုင်းကိုးရွာ၊ ပါဟတ်ရွာတို့မှ တာလေမြို့သို့ ဝင်ရောက် နိုင်သည့်လမ်းကြောင်း။

              ( ခ )   လမ်းကြောင်း(၂)။   တာချီလိတ်-ဝမ်ပုံလမ်းအတိုင်း တာချီလိတ်မှ (၁၀)မိုင်အကွာရှိ ဝှေလေလံ၊ ပါခုပ်ရွာတို့မှတစ်ဆင့် မလိပါကော်ရွာကိုဖြတ်၍  မိုင်းကို - ပါဟတ်ရွာမှ မယ်ယန်းဂိတ်ကို ရှောင်ကွင်း၍ တာလေထိ သွားလာနိုင်သောလမ်းကြောင်း။

              ( ဂ )   လမ်းကြောင်း(၃)။ မဲခေါင်မြစ်နှင့်ယှဉ်လျက် ပါလျှိုး(ကျိုင်းလပ်)ရွာမှတစ်ဆင့် (၃၇) မိုင်အကွာအဝေးရှိ ကတ္တရာလမ်းအတိုင်း တာလေမြို့နယ်ခွဲဘက်မှ ကျိုင်းတုံသို့ ဝှေလေလံ၊ မယ်ယန်းဂိတ်များကို ရှောင်ကွင်းသွားလာနိုင်သည့်လမ်းကြောင်း။

              (ဃ)    တာချီလိတ်-လွယ်စတုံ-ဘူရှီး-မိုင်းဖြတ်လမ်းကြောင်းမှ မယ်ယန်းဂိတ်ကိုရှောင်ကွင်း၍ ကျိုင်းတုံမြို့ (သို့မဟုတ်) မိုင်းယောင်း/မိုင်းယု (သို့မဟုတ်) ကျိုင်းလပ်ထွက်ပေါက် မှလာအိုနိုင်ငံသို့ သွားရောက်နိုင်သောလမ်းကြောင်း။(ဘူရှီး-မိုင်းဖြတ်-မိုင်းယောင်း-မိုင်းယုလမ်းကြောင်းမှ တရားမဝင်သစ်များ အဓိကတင်ပို့ပါသည်။)

ကုန်သွယ်မှုအခြေအနေ

           တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပုံမှန်တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်းဖူးစေ့၊ ဆန်၊ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပုစွန်ဖွဲနု၊ သတ္တူတွင်းထွက်ပစ္စည်း၊ ကတ္ထူစက္ကူအဟောင်း၊ ပလပ်စတစ်ဘူးခွံအဟောင်း၊ ပုလင်းခွံအဟောင်း၊ ဘယဆေးကုန်ကြမ်းတို့ တင်ပို့လျက်ရှိပါသည်။

    ပုံမှန်တင်သွင်းနေသည့် ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာနှင့် ကျွတ်များ၊ ဓါတုဗေဒပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ အားကစားပစ္စည်းများ တင်သွင်းလျက်ရှိပါသည်။