နှစ်နိုင်ငံ/လှုပ်ရှားမှုများ

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ (Caucus for 3rd ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အာဆီယံတွင်းညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊အရှေ့မြောက်ပိုင်းဒေသတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ၊ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုံးအမှတ် (၃) ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်‌အောင် ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတွင် ပိုမိုကောင်းမွန်သည့် စီးပွားရေးအချက်အချာနေရာများ ဖော်ဆောင်နိုင်ရေးကိုရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mr. V. Poduri ဦးဆောင်၍ ကိုယ်စားလှယ် (၁၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတွန်းအားပေး ဆောင်ရွက် မည့် ကိစ္စရပ်များ၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ ရထားအပါအဝင်လမ်းပန်း ဆက်သွယ်ရေး အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့တင်ပို့နိုင်မည့် အလားအလာကောင်းသည့် ကုန်စည်များ၊ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှတဆင့် ကုန်စည်ပိုမိုတင်ပို့နိုင်ရေးအတွက် ပို့ကုန်ကန့်သတ်ချက်များ ဖြေလျော့ပေး‌ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ (၂) ဘီးယာဉ်၊ (၃) ဘီးယာဉ်အပါအဝင် လျှပ်စစ်ကားတင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီအချိန် တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

     မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအားပိုမိုမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးတစ်ရပ်အားကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နှင့် ယူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။     

      အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဆောင် ၍ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့်ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက် မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်  Mr.Li Chenyang ဦးဆောင်၍ ကိုယ်စားလှယ် (၁၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

      အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေး နှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများ နှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လည် ( ၁၂ : ၀၀ ) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။   

မြန်မာ(မူဆယ်)-တရုတ်(‌ရွှေလီ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာနှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်း အဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင်  နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေး ဌာနတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးကိုမြန်မာနိုင်ငံဘက်မှကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ ညွှန်ကြားရေး မှူးချုပ် Mr.Li Chenyang  တို့မှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊  နှစ်နိုင်ငံ ဒေသအဆင့် လုပ်ငန်းအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်၊မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ညွှန်ကြားရေးမှူး နှင့် ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး တို့ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ ရန်ကုန်မြို့ အခြေစိုက် ၊ တရုတ်သံရုံး မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူး Mr.Tan Shufu မှလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ၊ အကြံပြုချက်များ၊ ဒေသအဆင့် လုပ်ငန်းအဖွဲ့ အစည်း အဝေးများအား ပုံမှန်ကျင်းပနိုင်ရေး ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒေသအဆင့်လုပ်ငန်းအဖွဲ့၏စတုတ္ထအကြိမ်အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် နှစ်ဘက်စလုံးမှ သဘောတူညီ ခဲ့ကြကြောင်းနှင့် အစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ အကျိုးစီးပွားပိုမို တိုးတက်လာစေရန်အတွက် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် များစွာအထောက်အကူပြုသည့်အစည်းအဝေးဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

       ၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ(၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ)တို့အကြား နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအဆင့်မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်တွင် ကွန်တိန်နာဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကျင့်သုံးရေးကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးတွင်  မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်မြို့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဘက်မှ တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး Mr. Wei Gang ၊ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်းမှ ညွှန်ကြားရေးမှူး Mr.Li Qi Gui ၊ ရွှေလီမြို့ပြည်သူ့အစိုးရ မြို့တော်ဝန် Mr.Shang La Bian နှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

      ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကွန်တိန်နာဖြင့် ကုန်စည်သယ်ယူပို့ဆောင်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျယ်ဂေါင်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျပ်/ယွမ်ဖြင့် ပေးချေမှုစနစ် ပိုမိုအဆင်ပြေချောမွေ့စေရေး၊ မြန်မာလယ်ယာထွက်ကုန် ထောပတ်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကန်စွန်းဥတို့ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ အမြန်ဆုံးခွင့်ပြုဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံဘက်မှ ကြံများ တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ရာသီရောက်ရှိမည်ဖြစ်၍ ကြံတင်ဆောင်သော ယာဉ်များအား Green Line ပေးကာ တိုက်ရိုက်ဝင်ထွက်စေရေး၊ နယ်စပ်ကုန်သွယ်မှုပြန်လည်တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံဘက်မှ လက်ရှိဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးသွားရေးကိစ္စများအား နှစ်ဘက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ ပါသည်။

Pages

Subscribe to နှစ်နိုင်ငံ/လှုပ်ရှားမှုများ