နောက်ဆုံးရ သတင်း

ယခုနှစ်အစောပိုင်းကာလမှစ၍ နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ မြန်မာ့ဆန်ဖြူများ တင်ပို့လာနိုင်ခဲ့ပါတယ်။ မိုးတွင်းကာလ ပုံမှန်ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမပြုလုပ်နိုင်သော်လည်း နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း မတ်ထရစ်တန်ချိန် သုံးသိန်းကျော်တင်ပို့ပြီး ဖြစ်ပါတယ်။ ပုံမှန် ပင်လယ်ရေကြောင်းမှ မတ်ထရစ်တန်ချိန် သုံးသိန်းအောက်သာတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ချိန် ခြောက်သိန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ဧည့်မထ ၂၅ %၊ ဧည့်မထ၁၅ %၊ ငစိန် ၂၅ % ဆန်များ အများဆုံးတင်ပို့ပြီး တရုတ်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအဖြစ် နာမည်ပေါက်ပြီး ဈေးကွက်ရရှိခဲ့ပါတယ်။ တရုတ်ဈေးကွက်အတွင်း မြန်မာ့ဆန်များမှာ တစ်တန်လျှင် ၄၀၅ ဒေါ်လာမှ ၄၃၅ ဒေါ်လာ အတွင်းဈေးရရှိပြီး ယခင်ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် မြန်မာ ၂၅ မှတ် ဆန် တစ်တန်လျှင် ၃၅၀ ဒေါ်လာခန့်သာရရှိသဖြင့် ဆန်ဈေးမှာလည်း အနည်းငယ်ပိုရပြီး ဈေးကွက်ဝေစုလည်း ရရှိပြီး ဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်ဒေသမှ ပုံမှန်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလ အထိ ဆန်တန်ချိန် ၂၅၀၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့ဆန်ဖြူများသည် အဓိကအားဖြင့် တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်သို့ ထိုးဖောက်ဈေးကွက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဇီချွမ်ပြည်နယ်ရှိ အရက်ချက်စက်ရုံတစ်ခုမှ မြန်မာငစိန် ၂၅% ကို တန်ချိန် ၄ သောင်းကျော် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ဆန်ဖြူများကို အရက်ချက်ရာတွင်လည်းကောင်း၊ ဆန်ခေါက်ဆွဲပြုလုပ်ရန်အတွက်လည်းကောင်း အသုံးပြုကြောင်း သိရပါတယ်။ ဧည်မထ ၁၅ %ဆန်ကိုတော့ ထမင်းအဖြစ် နှစ်သက်စွာ စားသုံးကြကြောင်းသိရပြီး တရုတ်ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဖြူလေးအမည်ဖြင့် ကျယ်ပြန့်စွာနေရာရလာပြီဖြစ်ပါတယ်။ ယခင်နှစ်ကနယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေးမှ ဆန်တင်ပို့ရာတွင် အကန့်အသတ်များ ရှိခဲ့ သော်လည်း ယခုနှစ်တွင်ဖြေလျော့ပေးမှုများရှိခဲ့သောကြောင့် ပင်လယ်ရေကြောင်းမှတင်ပို့မှုထက် ပိုမိုနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ ယခုနှစ်အစောပိုင်းကာလကတည်းက တရုတ်ဘက်သို့ နယ်စပ်ဖြတ် ကျော်ပုံမှန် ကုန်သွယ်ရေးမှ ဆန်တင်ပို့နိုင်ခဲ့သော်လည်း တရုတ်ဘက်မှမြန်မာ့ဆန်များကို တရားဝင် ဝယ်ယူမှုမရှိ၍ အခက်အခဲကြုံတွေ့နေရခြင်းကို နှစ်နိုင်ငံအစိုးရအချင်းချင်းချိတ်ဆက် ဖြေရှင်းညှိနှိုင်းမှု ကြောင့် ဈေးကွက်အတွင်း
မြန်မာ့ဆန်များဈေးကွက်ရရှိလာခြင်းဖြစ်ပါတယ်။ ယခင်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့သော ငစိန် ၂၅ % ဆန်များသည်လည်းဈေးကွက်ပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ မြန်မာ့ဆန်ဖြူများဈေးကွက်သစ်ရရှိလာပြီဖြစ်သဖြင့် ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ တောင်သူလယ်သမားများဈေးကောင်းရရှိ၍ လူနေမှုဘ၀ မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါတယ်။                                                 
MMZ(လဂ)

တရုတ်နိုင်ငံမှာ စက်တင်ဘာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဆက်လက် ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တယ်။
စက်တင်ဘာလအတွင်း FDI ဝင်ရောက်မှုက ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၈ ဒသမ ၄၃ ဘီလီယံသာရရှိခဲ့တယ်လိ့ု သိရတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးနေတဲ့သတင်းက ကမ္ဘာ့ရွှေဝယ်လိုအားအပေါ် အနည်းငယ်သက်ရောက်မှုရှိခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ကျဆင်းလာခဲ့တယ်။ နယူးယောက် Comex မှာ ဒီဇင်ဘာလအရောက်ပိုရမယ့် ရွှေဈေးနှုန်းက တစ်အောင်စကို ၁၇၄၂ ဒေါ်လာနဲ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၄၀ နာရီမှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
၎င်းအချိန်မတိုင်မီက တစ်အောင်စကို ၁၇၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ရာ စက်တင်ဘာလ (၇) ရက် နောက်ပိုင်းအနိမ့်ဆုံး ဈေးနှုန်းဖြစ်တယ်လို့ သိရတယ်။ ဒါ့အပြင် လက်ရှိသီတင်းပတ် ၂ ပတ်အတွင်း ကမ္ဘာ့ ရွှေဈေး နှုန်းတွေက ၃ ဒသမ ၂ ရာခိုင်နှုန်းဈေးကျဆင်းခဲ့ပြီး ဖြစ်တယ်လို့ သိရတယ်။ ကမ္ဘာအနှံ့ ဗဟိုဘဏ်တွေက ငွေကြေး မူဝါဒဖြေလျော့မှုများ ၊ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မှာ မဟုတ်ကြောင်း စိုးရိမ်လာ ကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေတယ်။ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းတွေ ဆောင်ရွက်မှသာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ရွှေကိုဝယ်လိုအားများလေ့ရှိတယ်။
Source:    Bloomberg.com
ပပ

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) နှစ်ပတ်လည် အခမ်းအနားနဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ရွှေပြည်သာဟိုတယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဒေါ်ခင်လေးမြင့်က "အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်သွားမယ်။ ကျောက်မျက်ရတနာ၊ စိန်၊ ရွှေအရောင်းဆိုင် ခင်းကျင်းပြီးရောင်းချသွားမယ်။ အသင်းသားအားလုံး တက်ရောက်နိုင်ပါတယ်။ ဆိုင်ခန်းပြသ ရောင်းချချင်တယ်ဆိုရင် ၂၅ ရက်နေ့နောက်ဆုံးထားပြီး အသင်းရုံးမှာလာလျှောက်လို့ရပါတယ်" လို့ပြောပါတယ်။
ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ ပါဝင်ပြသရောင်းချလိုပါက ၉ ပေပတ်လည်အခန်းများ ချထား ပေးမှာဖြစ်ပြီး၊ အခမဲ့ပြသရောင်းချနိုင်ကြောင်း၊ အခန်းအရေအတွက်သတ်မှတ်ထားလို့ ဦးရာစနစ်နဲ့ ရောင်းချ ခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။
ဇူးဇူး-မန္တလေး

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနဲ့ ရင်းနှီးမြှုပ်နှံသူများဟာ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရန် အတွက် ထိုင်းနိုင်ငံကိုဝင်ပေါက်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေမှုကလည်း အကျိုးရှိစေတယ်လို့ ယုံကြည်နေကြပါတယ်။ ထိုင်းကုန်သွယ်ရေးဝန်ကြီး Boonsong Teriyaphirom နဲ့ အပြည်ပြည်ဆိုင်ရာ ခမ်းဆိုင်စီးပွားရေးအဖွဲ့ချုပ် ဒုတိယဥက္ကဌ Masayuki Matsushita တို့ အောက်တိုဘာလတတိယပတ်အတွင်းတွေ့ဆုံခဲ့ပြီးနောက် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်းကြဖို့ဆန္ဒရှိနေတယ်လို့ Matsushita က ပြောကြားခဲ့တာဖြစ်ပါတယ်။ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ထိုင်းနိုင်ငံက ထဲထဲဝင်ဝင်လုပ်ကိုင်နေမှုဟာ မြန်မာနိုင်ငံမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အခွင့်အလမ်းလမ်းစဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသော်လည်း အနာဂတ်မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအများဆုံးရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ Matsushita က ဆိုပါတယ်။ ဂျပန်စီးပွားရေးလုပ်ငန်းရှင် အတော်များများဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း များ လာရောက်လုပ်ကိုင်လျှင် အခွင့်အလမ်းများစွာရရှိနိုင်မယ်ဆိုတာကို ယုံကြည်လျက်ရှိကြပါတယ်။ လုပ်ငန်း တိုင်းအရွယ်အစား (အကြီးစား၊ အလတ်စား)မရွေး စီးပွားရေးအခွင့်အလမ်းများစွာရှိနေပြီး ယခုအချိန်မှာအခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို ပိုမိုစိတ်ဝင်စားလျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Srirat Rastapara က ဂျပန် စီးပွားရေးလုပ်ငန်းရှင်အများစုဟာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနဲ့ အပြန်အလှန်ဆက်ဆံမှုများရှိနေပြီး ထိုင်းနိုင်ငံ မှတဆင့်
မြန်မာနဲ့အခြားအာဆီယံနိုင်ငံများနဲ့ ကူးသန်းရောင်းဝယ်မှုလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိနေကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ယမန်နှစ်ကရေကြီးနစ်မြှုပ်ခံရသည့် စက်မှုလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးဂျပန်စီးပွားရေးလုပ်ငန်းရှင်များကတော့ ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် ယုံကြည်မှုရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကလည်း အာဆီယံနိုင်ငံများအတွင်း ဂျပန်နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံ ကြမဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကုန်သည်များကိုပံံ့ပိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမယ်လို့ Srirat Rastapara က ဆိုပါတယ်။
Source: The Nation                   
CMK

မြန်မာ-အိန္ဒိယနှစ်ဖက်နိုင်ငံ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့ နန့်ဖာလုံဈေးမှာ အဓိကရောင်းဝယ်ကြတဲ့ပစ္စည်းများထဲမှာ ဖယောင်းတိုင်ဟာဈေးကွက်ဝင်တွက်ချေကိုက်တဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ တမူးမြို့မှာ ဖယောင်းတိုင်လုပ်ငန်း လုပ်ကိုင်သူ (၆) ဦးရှိပြီး နန့်ဖာလုံဈေးတွင်ဈေးဆိုင်များဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချလျက်ရှိကြပါတယ်။ အရောင်းသွက်တဲ့ဖယောင်းတိုင်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နဲ့ မိုးရေးမြို့များ နှင့်ကျေးရွာများက လာရောက်ဝယ်ယူလျှက်ရှိတယ်လို့သိရပါတယ်။ 
ဖယောင်းကုန်ကြမ်းမှာ တရုတ်ပြည်မှဖြစ်ပြီး မန္တလေးမှတစ်ဆင့်ဝယ်ယူရပါတယ်။ ၅၀ ကီလိုဝင် တစ်အိတ်မှာ ကျပ် ၇၃၀၀၀ ဖြစ်ပြီး သယ်ယူခ၊ လုပ်သားခအပါအဝင်တမူးအရောက် ဖယောင်းတစ်အိတ်ကို ကျပ် ၇၈၅၀၀ ဖြစ် ပါတယ်။ တစ်တန်ကို ကျပ် ၁၅၇၀၀၀၀ ကျပြီး ၁ ပိဝဿာကို ကျပ် ၂၄၀၀ နဲ့ ကျပ် ၂၅၀၀ ရှိပါ တယ်။ ဖယောင်းတိုင် လုပ်ငန်းရှင်များတစ်ဦးနဲ့တစ်ဦးထုတ်လုပ်မှုပုံစံခြင်းတူသော်လည်း အရွယ်အစားနဲ့ထုတ်ပိုးမှု မတူညီပါဘူး။ ဖောက်သည် များမှာယူတဲ့အပေါ်မူတည်ထုတ်လုပ်ကြရပါတယ်။ ရောင်းဈေးမှာအရွယ်အစားပေါ်မူတည်ပြီးဈေးနှုန်းကွဲပြားပါတယ်။ ဖယောင်း ၁ ပိဿာလျင် ထုတ်လုပ်မှုစရိတ်အနေဖြင့် (အလုပ်သမား၊ ထုတ်ပိုးခ၊ တံဆိပ်၊ မီးစာခ) ၃၀၀ ကျပ်နှင့်  ဖယောင်းသား ၁ ပိဿာအပါအဝင် ကုန်ကျစရိတ်သည်၂၇၃၀ ရှိပြီး ရောင်းရငွေမှာ ၂၈၅၀ ဝန်းကျင်ရှိ၍ ၁ ပိဿာပေါ်တွင်အကြမ်းအမြတ် ၁၂၀ ကျပ်ခန့်ရှိကြောင်းသိရှိ ရပါတယ်။ ၁ တန်ပေါ်တွင်အကြမ်းအမြတ်ကျပ် ၇  သောင်းလောက် အမြတ်ရှိကြောင်းသိရပါတယ်။ လုပ်ငန်းရှင်တစ်ဦးလျင် လုပ်သား (၅) ယောက်မှ (၁၀) ယောက်အတွင်းရှိရာ ဖယောင်းထုတ်လုပ်မှု အတွက် ဒေသခံများအလုပ်အကိုင်ရရှိကြပြီး တစ်ရက်ပျမ်းမျှလုပ်ခ ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ ထိရရှိကြပါတယ်။ တမူးနယ်စပ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဖယောင်းတိုင်တင်ပို့ရောင်းချမှုမှာ ကန်ဒေါ်လာ ၀ ဒသမ ၂၅၆ သန်းဖိုးရရှိခဲ့ပြီး ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ (၆) လကာလမှာ ကန်ဒေါ်လာ ၀ ဒသမ ၁၆၅ သန်းဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူမှာ ကန်ဒေါ်လာ ၀ ဒသမ ၁၅၉ သန်းဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၀၆ သန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းတစ်ခုအပါအဝင်ဖြစ်တဲ့ ဖယောင်းထုတ်လုပ်မှု လုပ်ငန်းသည် ပို့ကုန်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်လျက်ရှိပါကြောင်းသိရပါတယ်။
အေးအေးထွေး (တမူး)

Pages

Subscribe to နောက်ဆုံးရ သတင်း