WTO/လှုပ်ရှားမှုများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှဆောင်ရွက်ထားရှိမှုအခြေအနေများအား မှတ်တမ်းတင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပြီး၊ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာရှိများကလည်း virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှဆောင်ရွက်ထားရှိမှုအခြေအနေများအား ကုန်သွယ်ရေးဦးစီးဌာန၊ WTOနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲမှ ညွှန်ကြားရေးမှူးဦးညီညီအောင်က ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများအပေါ် လမ်းညွှန်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) မှချမှတ်ထားသောအခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်တာဝန်ရှိပါသည်။ WTO ၏ အခြေခံမူတစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာမှုရှိခြင်းမှတစ်ဆင့် ကြိုတင်ခန့်မှန်းနိုင်သည့်နိုင်ငံစုံကုန်သွယ်မှုစနစ်ဖြစ်ပေါ်လာရေးနှင့်အညီ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် Trade Policy Review- TPR) ကို အဖွဲ့ဝင်အားလုံးက မဖြစ်မနေလိုက်ပါဆောင်ရွက်ရပါသည်။

သတ်မှတ်အချိန်ဇယားအရ အဖွဲ့ဝင်ဖွံ့ဖြိုးပြီးနိုင်ငံများက (၃) နှစ်လျှင်တစ်ကြိမ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများက (၅) နှစ်လျှင်တစ်ကြိမ်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများက (၇) နှစ်လျှင်တစ်ကြိမ်ဆောင်ရွက်ရပါသည်။ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးအခြေအနေများကို ဘက်မလိုက်သုံးသပ်သည့်လုပ်ငန်းစဉ်ဖြစ်ပြီး ကုန်သွယ်မှုမူဝါဒများကိုဆွေးနွေးနိုင်သော၊ အချက်အလက်များရှာဖွေနိုင်သော၊ အလေးထားစရာမူဝါဒများကိုဆွေးနွေး နိုင်သော ဖိုရမ်တစ်ခုလည်းဖြစ်ပါသည်။

ကုန်သွယ်မှုဆိုင်ရာမူဝါဒများချမှတ်ရာတွင် ပါဝင်သူအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာစေသည့်အပြင် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အတွက် နည်းပညာအထောက်အပံ့လိုအပ်မှုများကို သတ်မှတ်ဖော်ထုတ်ရာတွင်လည်း အရေးပါသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောမူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို စနစ်တကျဆောင်ရွက်နိုင်ရေးအပေါ် အထောက်အကူဖြစ်စေပြီး အပြည့်အဝ လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိသည့် WTO အဖွဲ့ဝင်၏ တာဝန်နှင့်ဝတ္တရားများနှင့်ပတ်သက်၍ဖြေရှင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ထောက်ပြပေးနိုင်ပါသည်။ ရလဒ်အကျိုးကျေးဇူးများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆောင်ရွက်ချက်များအပြင်ရှေ့ဆက်ဆောင်ရွက်မည့် အလားအလာများ၊ ပြုပြင်ပြောင်းလဲသင့်သည့်အချက်များကို အဖွဲ့ဝင်နိုင်ငံများက ပိုမိုသိရှိနားလည်ခဲ့ပါသည်။

မြန်မာနိုင်ငံမှာ WTO အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၁ ခုနစ်များတွင် စုစုပေါင်း (၂) ကြိမ် ဆောင်ရွက် ခဲ့ပြီးဖြစ်ကာ၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာ့နိုင်ငံများသို့ ရှင်းလင်းချပြနိုင်သည့်အခွင့်အရေးကို ရရှိစေခဲ့ပါသည်။

Subscribe to WTO/လှုပ်ရှားမှုများ