WTO

Thu, 09/22/2011 - 02:47 -- Anonymous (not verified)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မူလအဖွဲ့ဖြစ်သော GATT အဖွဲ့စတင်ချိန် ၁၉၄၇ ခုနှစ် ကတည်းက မူလအဖွဲ့ဝင် ၂၃ နိုင်ငံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ထို့ပြင် ၁၉၉၅ ခုနှစ်တွင် GATT အဖွဲ့မှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ပြောင်းလဲဖွဲ့စည်းချိန်တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခဲ့ပါသည်။ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် National Enquiry Point for WTO အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတွင် တာဝန်ပေးအပ် ထားပါသည်။ လက်ရှိတွင် သံမှူးအဖြစ် တာဝန်ပေးအပ်ထားသူမှာ ဦးအောင်မင်းသိုက်ဖြစ်၍ ဆက်သွယ်နိုင်သည့် အီးမေးလ်လိပ်စာမှာ [email protected] ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ကြီးများအဆင့် ညီလာခံကို ၂ နှစ်လျင်တစ်ကြိမ် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်လျက်ရှိရာ ယခုနှစ် ဒီဇင်ဘာ (၁၅) ရက်မှ (၁၈)ရက်နေ့အထိ ၁၀ ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံကို ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာမြန်မာ ကိုယ်စားလှယ်များ သွားရောက်တက်ရောက်မည် ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒေသတွင်းကျင်းပသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီ ချက်များဆိုင်ရာများနှင့်စပ်လျဉ်းသည့် သင်တန်း၊ ဆွေးနွေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံရှိ သက် ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အား စေလွှတ်တက်ရောက်စေပါသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကိုလည်း မြန်မာနိုင်ငံမှ လက်ခံ ကျင်းပပေးခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံမူများမှာ-

(က) ကုန်သွယ်မှုတွင် ခွဲခြားမှုမရှိစေရေး၊

(ခ) ညှိနှိုင်းဆွေးနွေးမှုများဖြင့် လွတ်လပ်စွာကုန်သွယ်မှုကို ဖော်ဆောင်ရေး၊

(ဂ) ပွင့်လင်းမြင်သာမှုရှိစေရေး၊

(ဃ) မျှတစွာယှဉ်ပြိုင်မှုကိုအားပေးရေး၊

(င) ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အားပေးရေး တို့ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ-

(က) အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီခဲ့သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို လိုက်ပါအကောင်အထည်ဖော်ရေး စီမံခန့်ခွဲရန်၊

(ခ) ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်၊

(ဂ) ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုပြသနာများ ဖြေရှင်းဆောင်ရွက်ရန်၊

(ဃ) နိုင်ငံအလိုက် အမျိုးသား ကုန်သွယ်မှုမူဝါဒများကို ဆန်းစစ်ရန်၊

(င) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာဆိုင်ရာအကူအညီနှင့် သင်တန်းများပေးရန်၊

(စ) အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်ပါသည်။