အရောင်းအဝယ်ဖြစ်နေသည့် ကျောက်ပန်း(ခ)ပန်းဆွဲဖြူ

Tue, 03/29/2022 - 09:50 -- admin_ygn

 ရှမ်းပြည်နယ် တောင်ကြီး ပန်းဈေးကွက်မှာ ကျောက်ပန်း(ခ) ပန်းဆွဲဖြူပန်းများ အရောင်းအဝယ်ဖြစ်နေသည်။ကျောက်ပန်း(ခ)ပန်းဆွဲဖြူမှာ တစ်နှစ်မှ တစ်ခါ၊တစ်ခါမှာသုံးလခန့်သာပေါ်လေ့ရှိသည့် သဘာဝပန်းအမျိုးအစားဖြစ်သည်။ ကျောက်ပန်းများမှာ နှစ်ရှည်ပင်များတွင် သဘာဝကပ်၍ပေါက်သောပန်းအမျိုးအစားဖြစ်သည်။ဇန်နဝါရီလတွင်စတင်ထွက်ပေါ်လာပြီး မတ်လကုန်ဧပြီလဆန်း လောက်တွင် ထွက်ပေါ်ချိန်ကုန်သွားမည်ဖြစ်သည်။သစ်ပင်များတွင်သဘာဝကပ်၍အလေ့ကျပေါက်သည့် ပန်းအမျိုးအစားဖြစ်ပြီး တခြားဓာတုဆေးများ သုံးစွဲခြင်းမရှိသဖြင့် အခြားပန်းများထက်ခိုင်ခံ့မှုမှာ ပန်းလတ်လျှင်လတ်သကဲ့သို့ တစ်လမှနှစ်လအထိ ပိုကြာရှည်ခံပါသည်။ ကျောက်ပန်းများကို ရှာဖွေသည့်အခါ သဘာဝ တောများရှိ အပင်ကြီးများတွင် ကပ်ပေါက်နေသည့် ပန်းများကို အကုန်မခွာယူဘဲ မျိုးအနည်းငယ်ချန်ကာ နောက်နှစ်ပန်းပေါ်ချိန်တွင် ထိုနေရာမှာပင် ပန်းပြန်ပေါ်၍ နေရာမှတ်ကာ ရှာဖွေကြကြောင်း သိရသည်။ယခုနောက်ပိုင်းမှာတော့ ကျောက်ပန်းရှာသည့် ပန်းမုဆိုး (ပန်းရှာသူ) များသည် ကျောက်ပန်းများကို ရှာဖွေရာမှာ ရှာဖွေရရှိ လာသည့်  ပန်းမျိုးများကို အနည်းငယ်မျိုးချန်၍ ပန်းဘောင်များဖြင့်ပြန်လည်ပျိုးယူ၍ မျိုးထုတ်ရောင်းလာကြသည်။ ကျောက်ပန်းများကို ရပ်စောက်၊ ပင်းတယ၊ ကျောက်တန်းစသည့်မြို့နယ်များနှင့် အနီးတစ်ဝိုက်မှာထွက်ရှိသည်။ကျောက်ပန်း၁၀ ပွင့်ပါတစ်စီးလျှင်ကျပ် ၄၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ဈေးရှိပြီး တောင်ကြီး ဈေးကွက် မှာတော့ ခိုင်ခံ့မှုကြာရှည်ခြင်းကြောင့် အိမ်ရှင်မများအကြိုက်များသည့် ရာသီချိန်ပန်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။                                
S.Y.H (Tgi)

 

Local Trade News

Pages