မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်း သိသိသာသာကျဆင်း

Mon, 03/06/2023 - 03:24 -- comsumer

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲခြား စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

              ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး စတင်ခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရှိကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရသည်။     

           မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ နောက်ဆုံးအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၁၀၀၀) ဈေးရရှိပြီး ယခု ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀)ဖြင့်သာ ရောင်းချရပြီး၊ ဆောင်းအကုန် နွေအကူးတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများနေခြင်းကြောင့် ဈေးနှုန်း သိသိ သာသာကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages