ပြည်ဒေသထွက် ငရုတ်သီးစိမ်းဈေးနှုန်းဈေးကွက်

Mon, 02/27/2023 - 03:57 -- comsumer

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ငရုတ်သီးစိမ်းကို ဦးစားပေး၍စိုက်ပျိုးကြရာ ငရုတ်သီးစိမ်း စိုက်ဧကမှာ(၇၆၃)ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှပိဿာ(၁၃၀၀)ကျော် ထွက်ရှိကြောင်း၊ ငရုတ်သီးခြောက် စိုက်ဧကမှာ(၄၅၀)ဧကရှိကြောင်းသိရသည်။ ငရုတ်ပင်စိုက်ပျိုးရာတွင် အကောင်းဆုံး မြေမှာ သဲနုန်းမြေဖြစ်ပြီး ရာသီဥတုပူနွေးမှုနှင့်စိုစွတ်မှုကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်လျှင် မကြိုက်သဖြင့် မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရာသီတွင်စိုက်ပျိုးခြင်းမရှိဘဲ ဆောင်းရာသီ၌သာ စိုက်ပျိုးကြကြောင်း၊ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီလနှင့်မတ်လများတွင် ပျိုးထောင်၍ နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၂-၃)လအကြာတွင် ငရုတ်သီးများ  စတင်ခူးဆွတ်ရပြီး ငရုတ်သီးခူးဆွတ်ရာတွင် ငါးရက်တစ်ကြိမ် ခူးဆွတ်ကြောင်း သိရသည်။

     ပြည်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာများအပြင် အချို့သော ကျေးရွာများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ထွက်ရှိလာ သောငရုတ်သီးစိမ်းများကို ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်(တောင်ကုတ်)မြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ပီနန်ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရပြီး ကျောက်စိမ်းငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ငရုတ်သီးစိုက်ပျိုးသူတောင်သူများအနေဖြင့် ငရုတ်သီး ဈေးနှုန်းမှာ ယခင်နှစ်ထက် ကောင်းမွန်လာသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြသကဲ့သို့ အမြတ်အစွန်း များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ငရုတ်သီး ဝယ်လိုအားများလာလျှင် စိုက်ပျိုးမှုများလာသဖြင့် ဝယ်လိုအားအနည်းအများပေါ်မူတည်၍ စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးကို မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးပြီး၊ မှိုရောဂါကင်း၍ အရည်အသွေးပြည့်မီလျှင် ပြည်ပဝယ်လိုအားကောင်းလာမည်ဖြစ်ရာ အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages