တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော နှမ်းသီးနှံ

Tue, 11/15/2022 - 05:26 -- comsumer

             နှမ်းသီးနှံကို အပူပိုင်းဒေသများဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေကြီးနှင့်ပြည်နယ်များတွင်လည်း စိုက်ပျိုး လျက်ရှိသည်။

          မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးသော ဧရိယာသည် ဆီထွက်သီးနှံအားလုံးစိုက်ဧရိယာ၏ တစ်ဝက် (၅၀%)ကျော် ရှိသည်။ ယခုအခါ ပဲမျိုးစုံသီးနှံများ၏ ဈေးကွက်မခိုင်မာမှုကြောင့် အချို့သော ပဲစိုက် ဧရိယာများတွင် နှမ်းသီးနှံကို အစားထိုးတိုးချဲ့စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၄၂၉၄၇၂)ဧက၊ ဆောင်းစိုက်ဧက(၅၅၇၉၅၂)ဧကနှင့် နွေစိုက်ဧက(၃၈၀၄၀) ဧက၊  စုစုပေါင်း(၁၀၂၅၄၆၄) စိုက်ပျိုးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလလယ် အထိ မိုးစိုက်ဧက(၄၃၃၃၂၄)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်လာမှုမရှိသည့် အတွက် ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် နှမ်းသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

          မိုးနှောင်းကောင်းမွန်သောကြောင့် မိုးရေရရှိသဖြင့်  ကုန်ကျစရိတ်သက်သာသောကြောင့် (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာကျပ်(၃)သိန်းခန့်သာ ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် တစ်တင်းလျှင် (၄၀၀၀၀)ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၇၄၀၀၀)ကျပ်ရရှိသဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၃၄၀၀၀)ကျပ် ပိုမိုရရှိကြောင်း သိရသည်။ ပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀) တင်း ထွက်ရှိသဖြင့် ကျပ်(၇)သိန်းခွဲခန့် ဝင်ငွေရရှိပြီး အကျိုးအမြတ် ကျပ်(၄)သိန်းခွဲခန့် ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)