စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ၆၀၂၅ ကျပ် သတ်မှတ်

Fri, 05/20/2022 - 07:30 -- admin_ygn

မေ ၂ ရက်မှ ၈ ရက်အထိ  စားအုန်းဆီရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ၆၀၂၅ကျပ်အဖြစ်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက     ထုတ်ပြန်ကြေညာသည်။
လက်ရှိ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများဖြစ်သည့် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် စားအုန်းဆီဈေးနှုန်းများမြင့်တက်လာပြီးနောက် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများကို အခြေခံတွက်ချက်မှုအရ ယခု ကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကော်မတီအနေဖြင့် လက်ရှိထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများ ထည့်သွင်းတွက်ချက်၍  ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.doca.gov.mm  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် စားအုန်းဆီအဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံကစားအုန်းဆီပြတ်လပ်မှုကို လျှော့ချရန်နှင့်ဈေးနှုန်းများထိန်းထားနိုင်ရန်ရည်ရွယ်၍ စားအုန်းဆီနှင့်၎င်း၏ကုန်ကြမ်းများကိုပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှုအား ဧပြီလ ၂၈ ရက်မှစတင်ကာ ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာပြည်တွင်း၌ တစ်ပတ်အတွင်းစားအုန်းဆီရည်ညွှန်းဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံ၏ကြေညာချက်နှင့်ပတ်သက်၍ စီးပွား/ကူးသန်းဝန်ကြီးဌာနအနေဖြင့်  စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။ထို့ပြင်ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။စားအုန်းဆီရန်ကုန်အထိုင်ဈေးကိုပြီးခဲ့သည့်ရက်သတ္တပတ်ဖြစ်သည့် ဧပြီ ၂၅ ရက်မှ မေ ၁ ရက်အထိ တစ်ပိဿာလက်ကားရည်ညွှန်းဈေးနှုန်း ၅၆၂၀ ကျပ်သတ်မှတ်ထားပြီး နိုင်ငံအတွင်းလက်ရှိ၌ စားအုန်းဆီ ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန်လုံလောက်မှုရှိ၍ အနယ်နယ်အရပ်ရပ်သို့ နေ့စဉ်ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် ပြည်ပမှစားအုန်းဆီသင်္ဘောများလည်းပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Local Trade News

Pages