အာဆီယံအနေဖြင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချပြီး ဒေသတွင်း ငွေကြေးဖြင့် ကုန်သွယ်မှုကို တိုးမြှင့်ရန်ဆောင်ရွက်သွားမည်

Fri, 05/26/2023 - 04:54 -- Dotbilateral

     အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo တွင်ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်များသည် ဒေသတွင်းငွေပေးချေမှုချိတ်ဆက်မှုနှင့် ဒေသတွင်းငွေကြေးလွှဲ ပြောင်းမှု (Local Currency Transactions-LCT) ပိုမိုကောင်းမွန်လာစေရေး တွန်းအားပေးဆောင်ရွက်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်ချက်သည် အမေရိကန် ဒေါ်လာကဲ့သို့ ကုန်သွယ်မှုအတွက် အသုံးပြုထားသည့် သတ်မှတ်ထားသော ငွေကြေးများ အသုံးပြုမှုကို ပြောင်းလဲဆောင်ရွက်ရန်အတွက် အာဆီယံ၏ မဟာဗျူဟာအဖြစ် ဆောင်ရွက်ချက်ဖြစ်သည်။

       အမေရိကန်ဒေါ်လာသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် ဆယ်စုနှစ်များစွာ ဘုရင်ဖြစ် ခဲ့သည်။ ဤသည်မှာ အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သောကြောင့်သာမက ရေနံနှင့်ကုန်ပစ္စည်းအများစုကို အမေရိကန်ဒေါ်လာဖြင့် ပေါက်ဈေးရှိသောကြောင့်ဖြစ်သည်။ သို့သော်လည်း အမေရိကန်ဗဟိုဘဏ်သည် ၎င်း၏ပြင်းထန်သော အတိုးနှုန်းမြှင့်တင်မှုမဟာဗျူဟာကို စတင်လိုက် ကတည်းက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဗဟိုဘဏ်များသည် ၎င်းတို့၏ ငွေကြေးများ သိသိသာသာ တန်ဖိုးကျ ဆင်းလာသည့်အတွက် ယင်းကို တားဆီးရန် ၎င်းတို့၏ အတိုးနှုန်းကိုမြှင့်တင်ရန် တိုက်တွန် ခဲ့ကြသည်။

       ရှင်းရှင်းလင်းလင်းပြောရမည်ဆိုပါက အမေရိကန်ဒေါ်လာသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် အရန်ငွေ၏ ၅၈ ရာခိုင်နှုန်းခန့်ရှိသော ကမ္ဘာလုံးဆိုင်ရာ Forex အရန်ငွေများကြားတွင် အဓိကငွေကြေးအဖြစ် ရပ်တည်လျက်ရှိနေသေးသည်။ ယူရိုသည် ဒုတိယဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ Forex အရန်ငွေ၏ ၂၀ ရာခိုင်နှုန်း ဖြစ်သည်။

   ဒေသတွင်းငွေကြေးလွှဲပြောင်းမှုပဏာမခြေလှမ်းအဖြစ် ဆောင်ရွက်မှုမှတစ်ဆင့် အာဆီယံအသိုက်အဝန်းအတွင်း ကုန်သွယ်မှုကိုတိုးမြှင့်ရန်၊ ဒေသတွင်းဘဏ္ဍာရေးပေါင်းစည်းမှုကို နက်ရှိုင်းစေရန်၊ ဘဏ္ဍာရေးခံနိုင်ရည်အား အားကောင်းလာစေရန်နှင့် ဒေသတွင်းတန်ဖိုးကွင်းဆက်များကို အားကောင်းလာစေရန် မျှော်လင့်ပါသည်။ ဘဏ္ဍာရေးဝန်ကြီးများသည် ၎င်း၏ ဒေသတွင်းငွေကြေးလွှဲပြောင်းမှု Local Currency Transaction (LCT) အစီအမံများကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံဒေသတွင်း ငွေကြေးလွှဲပြောင်းမှု မူဘောင်တစ်ရပ်ကိုလည်း နောင်တွင်ရေးဆွဲသွားမည်ဖြစ်သည်။ အာဆီယံသည် ကမ္ဘာ့ GDP ၏ ၇ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်လျက်ရှိသည်။

           အာဆီယံအနေဖြင့်  ဒေသတွင်းငွေပေးချေမှု အခင်းအကျင်းကို မြှင့်တင်ရန် universal quick response (QR) ကုဒ်ကို ကနဦးအစပျိုးခဲ့သည်။

     ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဗဟိုဘဏ်များသည် နိုင်ငံများကြားတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် QR ကုဒ်ငွေပေးချေမှုစနစ်များကို အသုံးပြုထားပြီး ဒေသတွင်းရှိ စားသုံးသူများနှင့် MSME လုပ်ငန်းများအတွက် ငွေကြေးပိုမိုပါဝင်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်မှုသည် အင်ဒိုနီးရှားအက်ပလီကေးရှင်းတစ်ခုကို အသုံးပြုခြင်းအားဖြင့် ထိုင်းနိုင်ငံတွင် ငွေပေးချေမှုကို ရူပီယာနှင့် ဘတ်ငွေကြေးအကြား တိုက်ရိုက်လဲလှယ်မှုမှတစ်ဆင့် ပေးချေနိုင်ရန်အတွက် ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ချိတ်ဆက်မှုများ ပြီးသွားသည်နှင့် ဗဟိုဘဏ်များသည် ကမ္ဘာတစ်ဝှမ်းရှိ အခြားသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် ဆောင်ရွက် သွားမည်ဖြစ်သည်။ QR ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်မှန်းထားသည်။

       အဆိုပါ ပဏာမခြေလှမ်းအဖြစ်ဆောင်ရွက်ချက်သည် ဒေသတွင်းရှိ ဘဏ်စနစ် အသုံးပြုသူများနှင့် ဘဏ်စနစ်အသုံးမပြုသူများအားလုံးအတွက် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍတွင် ပိုမိုပါဝင်လာစေရန် တွန်းအားတစ်ရပ် ဖြစ်စေမည်ဖြစ်သည်။ အရှေ့တောင်အာရှလူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ဘဏ်စနစ် အသုံးမပြုသေးကြောင်း ခန့်မှန်းချက်ထားကြပြီး အဆိုပါလူဦးရေသည် အခြေခံအကျဆုံး ဘဏ်ဝန် ဆောင်မှုများကိုပင် အသုံးမပြုနိုင်သေးကြောင်းတွေ့ရှိရပါသည်။ထို့အပြင် စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းတွင်ပါဝင်သည့် ဒေသတွင်း MSMEs များ အတွက် QR ငွေပေးချေမှုစနစ်များကို အသုံးပြု ခြင်းသည် ၎င်းတို့အား တန်ဖိုးကွင်းဆက်သို့ တက်လှမ်းရန် အကူအညီပေးမည့် ရင်းနှီးမြှုပ်နှံမှုများ အပြင် စျေးကွက်အခွင့်အလမ်းများကိုပါ ပိုမိုဆုပ်ကိုင်နိုင်စေမည်ဖြစ်သည်။

       မည်သို့ပင်ဆိုစေ အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုသည် တဖြည်းဖြည်းလျော့ကျနေသော်လည်း၊ အဓိကအားဖြင့် အခြားရွေးချယ်စရာများ အမှန်တကယ်မရှိသောကြောင့် ဒေါ်လာအသုံးပြုမှုကို ရေတိုအတွင်း ဖြုတ်ချနိုင်လိမ့်မည် မဟုတ်ကြောင်း လေ့လာသူများက ဆိုပါသည်။

Source;https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=&cad=rja&uact=8&ved=2ahUKEwikofy22or_AhWc9zgGHXczCAIQFnoECAgQAw&url=https%3A%2F%2Fwww.aseanbriefing.com%2Fnews%2Fasean-to-increase-local-currency-transactions-reducing-reliance-on-the-us-dollar%2F&usg=AOvVaw3dFnLFKKKgK-JDkWMKYogz

International Trade News

Pages