အာဆီယံဈေးကွက်သို့ ကမ္ဘောဒီးယား ပို့ကုန်တင်ပို့မှု ၁၃ % မြင့်တက်လာ

Fri, 02/10/2023 - 09:37 -- wtodep

ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ် လာ ၁၅.၈၃၈ သန်းရှိရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၀၅၃ ဘီလီယံအထိ ၁.၄ % မြင့် တက်လာခဲ့ကြောင်း၊ နိုင်ငံ၏ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ၅၂.၄၂၅ ဘီလီယံတွင်မူ ၃၀.၆၂% အဖြစ်ပါဝင်ကာ ၂၀၂၁ ခုနှစ်က ရရှိခဲ့သော ၃၂.၉၉ % ထက် ကျဆင်းခဲ့ကြောင်း (၅-၂-၂၀၂၃) ရက်နေ့ထုတ် Phnom Penh Post သတင်းစာက ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၂.၉၁၄ ဘီလီယံမှ ၂၀၂၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၃.၂၉၇ ဘီလီယံအထိ ၁၃ % မြင့်တက်ခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှုပမာဏ ၂၂.၄၈၃ ဘီလီယံတွင် ၁၄.၇ % ပါဝင်ခဲ့ကြောင်း၊ တဖန် အာဆီယံဈေးကွက်မှ ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂.၉၂၄ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၇၅၆ ဘီလီယံရှိကာ ၁.၃ % ကျဆင်းခဲ့ကြောင်း၊ စုစုပေါင်းတင်သွင်းမှုပမာဏ အမေရိကန် ဒေါ်လာ ၂၉.၉၄၂ ဘီလီယံတွင်     ၄၂.၆ % ပါဝင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုပြုသော အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၆.၁၃၆ ဘီလီယံနှင့်  ၄.၆၆၄ ဘီလီယံအသီးသီးဖြင့် ၆၇.၂၈ % အဖြစ် ပါဝင်ကာ ကုန်သွယ်မှုအများဆုံး နိုင်ငံများဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ သော နှစ်ပတ်လည် အစည်းအဝေး၏ အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (Cambodia Chamber of Commerce - CCC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng က လူဦးရေသန်း ၆၆၀ ကျော် ရှိသော အာဆီယံနိုင်ငံများသည် ပထဝီအနေအထားအရ ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန်များကို ထိပ်တန်းဝယ်ယူသည့် နိုင်ငံ များဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနိုင်ငံများနှင့် နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များ ရေးထိုးထားခြင်းကြောင့်လည်း အာဆီယံ နိုင်ငံများသို့ တင်ပို့သော ပို့ကုန်ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုစွဲဆောင်နိုင်ခဲ့သလို တရုတ်နှင့် တောင်ကိုးရီးယား ကုန်ပစ္စည်းများ ဖြန့်ဖြူးသည့် ဒေသတွင်းအချက်အချာကျသည့် နိုင်ငံ ဖြစ်လာကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံစီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုအရ အာဆီယံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရေးပါသော စျေးကွက် တစ်ခုဖြစ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အနည်းငယ် နှောင့်နှေးမှုများရှိခဲ့သော် လည်း နောင်တွင် ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနိုင်ငံများသို့ လယ်ယာထွက်ကုန်များ၊ ကုန်ကြမ်းများ၊ သတ္တုတွင်းထွက်များကို အဓိက တင်ပို့ပြီး စားသောက်ကုန်နှင့်အဖျော်ယမကာ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ် စက်ကိရိယာများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး စက်ယန္တရားများနှင့် မော်တော်ယာဉ်များ တင်သွင်းကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ တော်ဝင်တက္ကသိုလ်၊ နိုင်ငံတကာစီးပွားရေးဌာနမှ ညွှန်ကြားရေးမှူး Hong Vanak က ကမ္ဘောဒီးယားနိုင်ငံအတွက် အာဆီယံသည် အထူးသဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနယ်စပ်တစ်လျှောက် ကုန်သွယ်ရေးအတွက် မရှိမဖြစ် လိုအပ်သော ဈေးကွက်တစ်ခု ဖြစ် ကြောင်း၊ သယ်ယူပို့ဆောင်ရေး အကွာအဝေးလျော့နည်းလာသည်နှင့်အမျှ သွင်းကုန်-ပို့ကုန် ကုန် ကျစရိတ် သက်သာစေပြီး အမြတ်အစွန်းပိုမိုရရှိကာ အထူးသဖြင့်တောင်သူလယ်သမားများအတွက် အကျိုးရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုလိုငွေသည်     ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၀၁ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၄၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၅.၅ % လျော့နည်းသွားခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေ၏ အဓိက အကြောင်းမှာ ပြည်တွင်းလိုအပ်ချက်အရ တင်သွင်းမှုများ၊ အခြားတနေရာမှ ပို့ကုန်အဖြစ် တင်ပို့မည့် ကုန်စည်များကို တင်သွင်းနေရခြင်းကြောင့်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ လယ် ယာထုတ်လုပ်မှုနှင့် ပို့ကုန်များသည် အထောက်အပံ့ဖြစ်စေသော အစိုးရမူဝါဒအသစ်များကြောင့် နောင်တွင် အလားအလာကောင်းများ ရရှိမည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အစီရင်ခံချက်အရ အာဆီယံနိုင်ငံ များသို့ ဖွတ်ပြီး ဆန်၊ စပါး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ပဲတောင့်ရှည်၊ ပဲနီလေး၊ ကုလားပဲ၊ မြေပဲ၊ ငှက်ပျောသီး၊ သရက်သီး၊ ဆီအုန်း၊ ငရုတ်ကောင်း၊ ဆေးရွက်ကြီးနှင့် ရော်ဘာစေးတို့ကို အဓိကလယ်ယာထွက်ကုန်များအနေဖြင့် တင်ပို့ကြောင်း သိရှိရပါသည်။

Source: https://www.phnompenhpost.com/business/cambodian-exports-asean-markets-rise-13

International Trade News

Pages