အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို သဘောတူလက်ခံခြင်း

Tue, 04/25/2023 - 03:36 -- wtodep

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် တရားဝင်လက်ခံခဲ့သည့် စတုတ္ထ မြောက်နိုင်ငံဖြစ်လာခဲ့သည်။ ငါးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သော နိုင်ငံများအနက် ပထမဆုံးပါဝင်လာသော နိုင်ငံလည်းဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala က အမေရိကန် ပြည်ထောင်စု၏ အဆိုပါသဘောတူညီချက်အပေါ် သဘောတူလက်ခံခြင်းသည် ပင်လယ်သမုဒ္ဒရာ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ သဘောတူစာချုပ် အသက်ဝင်ရေးအတွက်လည်း အဖွဲ့ဝင်နိုင်ငံ များအကြား အရှိန်အဟုန်တိုးမြင့်စေသည့် အရေးပါသော ဆောင်ရွက်မှုဖြစ်ကြောင်း၊ ယင်းသဘော တူညီချက်စတင် အသက်ဝင်နိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံ နှစ်ပုံမှ သဘောတူညီရန် လိုအပ်ကြောင်း၊ အမေရိကန်၏ ခေါင်းဆောင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် နိုင်ငံစုံပါဝင်သောမူဝါဒတို့အတွက် အရေးပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် လူသားများနှင့် ကမ္ဘာမြေ၏ လိုအပ်ချက်များကို အမေရိကန်ပြည်ထောင်စုနှင့်အတူ ဆက်လက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဝါရှင်တန်ဒီစီတွင် အမေရိကန် ပြည်ထောင်စု၏ ကုန်သွယ်ရေးဝန်ကြီး Katherine Tai ထံမှ သဘောတူညီချက် အကြောင်းကြား စာအား လက်ခံရယူစဉ် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးဝန်ကြီး Katherine Tai က မျှဝေသုံးစွဲနေရသော သဘာဝပတ်ဝန်းကျင်ဖြစ်သည့် သမုဒ္ဒရာများနှင့် ရေသယံဇာတများအပေါ် မှီခို၍ အသက်မွေး ဝမ်းကြောင်းပြုသူများအတွက် ရေရှည်တွင် ထိခိုက်စေနိုင်သော ဆောင်ရွက်မှုအလေ့အထများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် အကာအကွယ်ပေးနေသည့် ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပထမဆုံး နိုင်ငံစုံကုန်သွယ်မှုသဘောတူညီချက်ကို ဦးစွာလက်ခံသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များထဲတွင် ပါဝင်ခဲ့ခြင်းကို ဂုဏ်ယူပါကြောင်း၊ ငါးဖမ်းသမားများနှင့် အလုပ်သမားများ၏ လူနေမှုဘဝ တိုးတက်စေရေးနှင့် အဆိုပါသဘောတူညီချက်ကို အခြားကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) တွင် တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းထောက်ပံ့ကူညီမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတဝှမ်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များ မပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပါဝင် ပါသည်။ ထို့အပြင် အဆိုပါသဘောတူညီချက်ဆိုင်ရာ တာဝန်များကို လိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာအကူအညီ ထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါသဘောတူညီချက်တွင် တရားမဝင်သော၊ စာရင်းမပါရှိသော ဥပဒေအရထိန်း ကြောင်းခြင်း မရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ် ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှု မရှိသော ငါးဖမ်းခြင်းအတွက် အထောက် အပံ့များကို အဆုံးသတ်စေခြင်းတို့ ပါဝင်သည်။ အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိသဘောတူညီချက် အပေါ် ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေး ရန်နှင့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံ (MC13) တွင် တင်ပြရန် MC12 ၌ သဘော တူညီခဲ့ပါသည်။

Source: www.wto.org

International Trade News

Pages