အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ဆီအရောအနှော ၃၅ % ပါဝင်သော ဘိုင်အိုဒီဇယ်ကို အသုံးပြုသွားမည်ဖြစ်ခြင်း

Tue, 12/27/2022 - 03:43 -- wtodep

   ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုကြောင့် လောင်စာဆီသွင်းကုန်လျှော့ချရန်နှင့် ပိုမိုသန့်စင်သောစွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် ရည်ရွယ်ချက်များဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ လောင်စာဆီတွင် ဆီအရောအနှော ၃၅ % ထိ တိုးမြှင့်ထားသည့် ဘိုင်အိုဒီဇယ်ဆီ သတ်မှတ်လိုက်ကြောင်းကို စွမ်းအင်ဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့ပါသည်။

   ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ဇီဝရုပ်ကြွင်းလောင်စာ (fossil gasoil) ဆီတွင် စားအုန်းဆီ ၃၀ % နှင့် ရောစပ်ထုတ်လုပ်သည့် ဘိုင်အိုဒီဇယ်ဆီအစီအစဉ် (B30 Programme) ကို ၂၀၂၀ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ B30 အစီအစဉ်မှ B35 အစီအစဉ်သို့ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးအတွက် ဘိုင်အိုဒီဇယ်ဆီခန့်မှန်းလိုအပ်ချက်သည်  ကီလိုလီတာ ၁၃.၁၅ သန်း (သို့မဟုတ်) ၂၀၂၂ ခုနှစ်က ဘိုင်အိုဒီဇယ်ဆီသုံးစွဲခဲ့သည့်ပမာဏ (ကီလိုလီတာ ၁၁.၀၃ သန်း) ထက် ၁၉ % တိုးမြှင့်ရန် လိုကြောင်းကို စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Agung Pribadi က ပြောကြားခဲ့ ပါသည်။

   အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်တွင် ဒီဇယ်ဆီ ကီလိုလီတာ ၃၇.၅၈ သန်း သုံးစွဲနိုင်မည်ဟု ခန့်မှန်းထားရာ ၃၅ % ကို စားအုန်းဆီမှ ထွက်ရှိသည့် ဘိုင်အိုဒီဇယ်ဆီ အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဘိုင်အိုဒီဇယ်ဆီလုပ်ငန်းအတွက် ကီလိုလီတာ ၁၆.၆၅ သန်း ထုတ်လုပ် နိုင်သည့် စက်တစ်ခုကို တပ်ဆင်ထားပြီးဖြစ်ပါကြောင်းကို စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ ပါသည်။

   ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနက ဘိုင်အိုဒီဇယ်ဆီပိုမိုရောစပ်သုံးစွဲခြင်းကြောင့် အင်ဂျင်စွမ်းဆောင်ရည်ကို မထိခိုက်နိုင်ကြောင်း စားသုံးသူများယုံကြည်ရန် ပိုမိုကောင်းမွန်သော ဘိုင်အိုဒီဇယ်ဆီဖြစ်စေရေး စံချိန်စံညွှန်းအသစ်များကို သတ်မှတ်ထားပါကြောင်း၊ အစိုးရသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက စားအုန်းဆီ ၄၀ % ပါဝင်သည့် ဘိုင်အိုဒီဇယ်ဆီဖြင့် လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ပြီး၊ အဆိုပါစမ်းသပ်မှုကို ယခုနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားပါကြောင်း CNA သတင်းဌာနအရ သိရှိရပါသည်။

International Trade News

Pages