လာအို-ဗီယက်နမ်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းထိ တက်လာခြင်း

Mon, 02/20/2023 - 08:36 -- wtodep

လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်းကျော် တိုးမြင့်ခဲ့ပါကြောင်း၊ လာအိုသည်  ဗီယက်နမ်မှ အမေရိကန်ဒေါ်လာ ၆၅၆ သန်း တန်ဖိုးရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ ဓါတ်မြေဩဇာများ၊ သံမဏိ၊ စက်ယန္တရားများ၊ ဆက်စပ်ပစ္စည်းများနှင့် ယာဉ်များပါဝင်သည့် ကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ပြီး ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်းကျော် ပိုမိုတင်သွင်းခဲ့ကြောင်းကို ဗီယက်နမ်မီဒီယာက ဖော်ပြထားပါသည်။

လာအိုသည် ဗီယက်နမ်သို့ အဓိကပို့ကုန်များအဖြစ် သစ်နှင့် သစ်ထွက်ပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ ရာဘာနှင့် ပြောင်းတို့ကို နှစ်စဉ်တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ခန့် တင်ပို့ခဲ့ပြီး၊ နှစ်စဉ်တင်ပို့မှုသည်  ၃၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုမှ၀င်ငွေသည် ဒီဇင်ဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၂၁၁ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အလားတူကာလထက် ၆၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့ကြောင်းကိုလည်း ဖော်ပြထားပါသည်။

လာအိုနှင့်ဗီယက်နမ် နှစ်နိုင်ငံအစိုးရများကလည်း မကြာမီကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ တိုးမြှင့်ရေးအတွက် အလားအလာကောင်းများကိုအသုံးချပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း ယခုနှစ်တွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် စီစဉ်ထားပါကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Mr. Pham Minh Chinh က ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ၄၅ ကြိမ်မြောက် လာအို-ဗီယက်နမ် အစိုးရအဖွဲ့ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်ကမ္ဘာ့နိုင်ငံများနှင့် တက်တက်ကြွကြွ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့်ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမှီအခိုကင်း၍ ကိုယ့်အားကိုယ်ကိုးနိုင်သော စီးပွားရေးတည်ဆောက်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား အပြန်အလှန်အကူအညီများပေး ရန်လိုအပ်ပါကြောင်း၊  ဗီယက်နမ်သည် တရုတ်နှင့်ထိုင်းပြီးလျှင် လာအိုတွင် တတိယမြောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ပြီး၊ ဗီယက်နမ်ကုမ္ပဏီ ၂၃၈ ခုက ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ၅.၃၄ ဘီလီယံခန့် လုပ်ငန်းဆောင်ရွက်နေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်ကုမ္ပဏီများသည် လာအိုတွင် အမေရိကန်ဒေါ်လာ ၁၁၈.၃ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြပြီး နှစ်စဉ် တိုးတက်မှုနှုန်းသည် ၃၃.၃ ရာခိုင်နှုန်းဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

Source : https://www.vientianetimes.org.la/freeContent/FreeConten2023_Laos-Vietnam29.php

International Trade News

Pages