မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း လာအိုနိုင်ငံသည် ၎င်း၏ ဒေသတွင်းအနေအထားကို အသုံးချ၍ ကုန်သွယ်မှု တိုးမြှင့်ရေးဆောင်ရွက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြထား

Tue, 12/20/2022 - 04:28 -- wtodep

မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion (GMS) Economics Cooperation Programmer) ၏ အဖွဲ့ဝင်ဖြစ်သည့် လာအို နိုင်ငံသည် ၎င်း၏ ဒေသတွင်းအနေအထားကို အသုံးချလျက် စီးပွားရေးတိုးတက်စေရန်နှင့် ပြင်ပမှ ဂယက်များကို တန်ပြန်နိုင်ရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ် (Asian Development Bank – ADB) ၏ အစီရင်ခံစာအသစ်အရ သိရှိရပါသည်။

“ဒေသတွင်းစီးပွားရေးပေါင်းစည်းခြင်း၏ အကျိုးကျေးဇူးများကို အသုံးချခြင်း (Leveraging Benefits of Regional Economic Integration)” အစီရင်ခံစာတွင် လာအိုနိုင်ငံအနေဖြင့် ၎င်း၏ ဒေသတွင်းအနေအထားကို အသုံးချပြီး ကုန်သွယ်မှုမြှင့်တင်ရန်၊ လယ်ယာထွက်ကုန်များ တိုးမြှင့်ရန်နှင့် မြို့ကြီးများ၏ အနေအထားကို စီမံခန့်ခွဲပြီး ဖွံ့ဖြိုးတိုးတက်မှုတွင် မျှတစွာပါဝင်လာနိုင်ရန် နည်းလမ်းများကို ဖော်ပြထားပါသည်။

ထို့ပြင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်၊ လူမှုအဖွဲ့အစည်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တိုးတက်စေခြင်းဖြင့် နိုင်ငံ၏ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းတို့ကို အခြားမဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်များနှင့် အနီးစပ်ဆုံး ပေါင်းစည်းပေးနိုင်သည့်နည်းလမ်းများကိုလည်း ၎င်းအစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားပါသည်။

အဆိုပါအစီရင်ခံစာတွင် လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ အောင်မြင်ရန်အတွက် ၎င်း၏ တန်ဖိုးကွင်းဆက်အခြေအနေများကို အဆင့်မြှင့်တင်ရန်၊ စက်မှုလုပ်ငန်းများအား ချဲ့ထွင်ရန် (သုံးလေးမျိုးစသည် ခွဲလုပ်ခြင်း) နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အသုံးချနိုင်ရန် အလားအလာများကိုလည်း ဆွေးနွေးထားပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Sonomi Tanaka က “လာအိုနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ၏ အဓိကကျသည့် မဟာဗျူဟာမြောက်နေရာတွင် တည်ရှိနေပါကြောင်း၊ ၎င်း၏ အိမ်နီးချင်းများနှင့်အတူ ဒေသတွင်းမှတဆင့် ကျန်ကမ္ဘာ့နိုင်ငံများနှင့် အဓိကကုန်သွယ်ဖက်အဖြစ် ဆောင်ရွက်နေပါကြောင်းနှင့် ယင်းအချက်ကပင် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

လာအိုနိုင်ငံ၏ ဒေသတွင်းအနေအထားအရ အခွင့်အလမ်းများစွာ ရရှိနိုင်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၏ လေ့လာမှုအရ လာအိုနိုင်ငံသည် ထုတ်ကုန်များအား မျှဝေထုတ်လုပ် (Shared Production) ကာ တိုးမြှင့်တင်ပို့ခြင်းကို ဆောင်ရွက်နိုင်ခြင်း၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမှ တန်ဖိုးကွင်းဆက်ကို အဆင့်မြှင့်တင်ခြင်းတို့မှာ အရေးကြီးကြောင်း၊ စီးပွားရေးဆိုင်ရာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် နှိုင်းယှဉ်အားသာချက်အရ ထုတ်ကုန်အသစ်များကို တိုးမြှင့်ထုတ်လုပ်ရန်နှင့် တစ်ဆင့်ချင်း အသွင်ကူးပြောင်းသွားရန် လိုအပ်ကြောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာက ဖော်ပြထားပါသည်။

လက်ရှိတွင် လာအိုနိုင်ငံ၏ထုတ်ကုန်များတွင် နည်းပညာဖြင့်ပေါင်းစပ်ထုတ်လုပ်သော  ကုန်စည်အနည်းငယ်သာရှိပြီး ထုတ်ကုန်အများစုသည် အခြေခံနှင့် နည်းပညာအသုံးပြုမှု အနည်းငယ်ဖြင့် ထုတ်လုပ်ထားသည့် စက်မှုထုတ်ကုန်များသာဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် မြို့ပြများကို နားလည်ရန် အရေးကြီးကြောင်း၊  လာအိုနိုင်ငံသည် မြို့ပြ တိုးချဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှုကြား ချိတ်ဆက်မှုမှာ အားနည်းနေပါကြောင်း ဖော်ပြထားပါသည်။

လာအိုနိုင်ငံ၏ မြို့ပြအသွင်ကူးပြောင်းမှုအရှိန်အဟုန်သည် တိုးတက်နေသော်လည်း မြို့များမှာသေးငယ်ပြီး နေထိုင်သူ ၃၀၀,၀၀၀ ထက်မပိုကြောင်း သိရှိရပါသည်။ လမ်းကြောင်းသစ်များကြောင့် မြို့များနှင့် စီးပွားရေးစင်္ကြံများကြား ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာပြီး စီးပွားရေးတိုးတက်မှုအတွက် အလားအလာကောင်းများကို မြှင့်တင်ပေးခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြထားပါသည်။  ပုဂ္ဂလိကဏ္ဍတွင် အဆင့်မြင့် နည်းပညာအသုံးပြုသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပိုမိုထုတ်လုပ်ရန် လိုအပ်ပြီး မြို့ကြီးများမှ  အရင်းအမြစ်များကို မျှဝေအသုံးပြုနိုင်ရေးနှင့် ဆန်းသစ်တီထွင်၍ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးအသွင်ကူးပြောင်းခြင်းဖြစ်စဉ်တွင် ကာလတိုအတွက် ပို့ကုန်အမယ်ခွဲများ ထုတ်လုပ်ခြင်း၊ အစိုးရ-ပုဂ္ဂလိကဆွေးနွေးခြင်းဖြင့် ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးဗဟိုဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြထားပါသည်။

https://www.vientianetimes.org.la/sub_new/Previous_241/freeContent/FreeC...

International Trade News

Pages