ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားမည့် UNCTAD နှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံး

Mon, 10/03/2022 - 05:09 -- wtodep

UNCTAD နှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံးတို့သည် သမုဒ္ဒရာစီးပွားရေးကိုမြှင့်တင်ရန်၊ ပလပ်စတစ်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုထိန်းချုပ်ရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ထောက်ပံ့ပေးရန်၊ ဒီဂျစ်တယ်စီးပွားရေးကို အားပေးရန်နှင့် ကျားမတန်းတူ ညီမှုရှိစေရေးကို မြှင့်တင်ရန်အတွက် လက်ရှိပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်လာစေရန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

UNCTAD အထွေထွေအတွင်းရေးမှူးချုပ် Rebeca Grynspan နှင့် ၎င်း၏ ဓနဿဟာယ အတွင်းရေးမှူးချုပ်ရုံး၏ဆွေးနွေးဖက် Patricia Scotland တို့က လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်းဖြင့် ယနေ့ကမ္ဘာတွင်ကြုံတွေ့နေရသော အရေးကိစ္စမျိုးစုံကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အစည်းနှစ်ရပ်၏ ပိုမိုအားကောင်းလာသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း၊ ကျရောက်နေသည့်အကျပ်အတည်းများကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် ပေါင်းစည်းထားသည့်ဆောင်ရွက်မှုများဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများအား ပိုမိုပံ့ပိုးကူညီမှုများပေးနိုင်မည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်အသစ်ကိုဖွင့်လှစ်၍ မိတ်ဖက်များကို တိုးချဲ့သွား မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် Rebeca Grynspan က ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ၏သက်တမ်းမှာ (၅) နှစ်ဖြစ်ပြီး၊ ၎င်း (၅) နှစ်အတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များအတွက် လုပ်ငန်းစဉ်များပြုလုပ်ရာတွင် နိုင်ငံများကို ကူညီရန်အတွက် UNCTAD ၏ သုတေသန ပြုလုပ်ခြင်း ၊ဆန်းစစ်ခြင်းနှင့် မူဝါဒဆိုင်ရာလုပ်ငန်းများနှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံး၏ အစီအစဉ်များနှင့် မူဝါဒချ မှတ်ခြင်းဆိုင်ရာ အတွေ့အကြုံများကို အတူတကွ စုစည်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဓနဿဟာယအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Patricia Scotland က ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိစေရန်အတွက် ၎င်းတို့၏အဖွဲ့ဝင်များ (အထူးသဖြင့် ကျွန်းစုနိုင်ငံငယ်များနှင့်ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ) ကိုပံ့ပိုးကူညီရန် ၎င်းတို့၏မိတ်ဖက်ပြုဆောင်ရွက်မှုကို အသစ်ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုမှသည် စားနပ်ရိက္ခာလုံခြုံမှုအထိ အကျပ်အတည်းအမျိုးမျိုး ကြုံတွေ့နေသည့် ယနေ့ကမ္ဘာတွင် ၎င်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုမျိုးကဲ့သို့ ပူးပေါင်းမှုများမှာ မရှိမဖြစ်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆယ်စုနှစ်ကြာပူးပေါင်းဆောင်ရွက်မှု

နားလည်မှုစာချွန်လွှာအသစ်မှာ အဖွဲ့အစည်းနှစ်ခုကြားဆယ်စုနှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေတည်၍  ရေးဆွဲထား ခြင်းဖြစ်ပါသည်။ အဖွဲ့အစည်းနှစ်ရပ်တို့သည် ရာသီဥတုစိန်ခေါ်မှုများအတွက်ဖြေရှင်းရာတွင် တစ်စိတ်တစ်ပိုင်းဖြစ်သည့် ငါးလုပ်ငန်း၊ သမုဒ္ဒရာစီးပွားရေး၊ ပလပ်စတစ်ညစ်ညမ်းမှု၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လွတ်မြောက်မှုနှင့် ထိခိုက်ပျက်စီးလွယ်မှုနှင့်  ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များနှင့်ဆက်နွယ်၍ အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။နားလည်မှုစာချွန်လွှာအောက်တွင် UNCATD နှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံးတို့သည် ပင်လယ်နှင့်၎င်း၏အရင်းအမြစ်များကို ထိန်းသိမ်းခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးပြုခြင်းဆိုင်ရာအဓိကအစည်းအဝေးဖြစ်သည့် UN Oceans Forum အစည်းအဝေးကို တစ်နှစ်လျှင်နှစ်ကြိမ် ပူးတွဲ၍ ဆက်လက်ကျင်းပမည်ဖြစ်ပြီး၊ သမုဒ္ဒရာကိုအခြေခံသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် သတင်းအချက်အလက်များကို မျှဝေသွားကြမည်ဖြစ်ပါသည်။သမုဒ္ဒရာကိုအခြေခံသည့် စီးပွားရေးနှင့် ထုတ်လုပ်မှုနှင့် စားသုံးမှုကိုအခြေခံသည့် (အထူးသဖြင့် ငါးလုပ်ငန်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပလစ်စတစ်ညစ်ညမ်းမှုတို့နှင့် ဆက်နွယ်သည့်) စီးပွားရေးစက်ဝန်းတို့ကိုလည်း မြှင့်တင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့်ထုတ်လုပ်မှုနှင့်ပို့ကုန်စွမ်းရည်များမြှင့်တင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်တည်တံ့သော စွမ်းအင်ပြောင်းလဲသုံးစွဲမှုတို့ ဖြစ်ပေါ်လာစေရန် ပံ့ပိုးကူညီသွားမည်ဖြစ် သည်။

ထိခိုက်လွယ်သူများကိုကူညီပံ့ပိုးပေးခြင်း

UNCTAD နှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံးတို့သည်ထိခိုက်လွယ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများနှင့် ကျွန်းစုနိုင်ငံငယ်များ၌ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် မဟာဗျူဟာများကို ဆောင်ရွက်သွားမည်ဖြစ် ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သက်ရောက်စေသည့် ဆင်းရဲနွမ်းပါးမှု၊ ပြင်ပမှ နည်းပညာများကို လေ့လာသင်ယူအသုံးချနိုင်စွမ်းနှင့် မမျှတသော ကိစ္စရပ်များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ခြင်းနှင့်အားနည်းချက် အကဲဖြတ်ခြင်းနှင့် သုတေသနပြုမှုများအပေါ်  အဖွဲ့အစည်းနှစ်ခုက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြွေးမြီအကျပ်အတည်းကိုကိုင်တွယ်ရန်အတွက် ကမ္ဘာ့ဘဏ်၏ ပြင်ပကြွေးမြီအစီရင်ခံခြင်းစနစ်၏ လိုအပ်ချက်အသစ်များကိုထောက်ပံ့ရန် အစီရင်ခံနည်းလမ်းများကို တိုးမြှင့်ပေးမည်ဖြစ်ပါသည်။ ထိခိုက်လွယ်သောနိုင်ငံများ၏ ကြွေးမြီများကို စဉ်ဆက်မပြတ်နှင့်ပွင့်လင်းမြင်သာစွာစီမံခန့်ခွဲရာတွင် အကူအညီပေးရန်စံနှုန်းများနှင့် အလေ့အကျင့်ကောင်းများအား အကောင်အထည်ဖော်ရာတွင်လည်း UNCTAD နှင့် ဓနဿဟာယအတွင်းရေးမှူးချုပ်ရုံးတို့က ပူးပေါင်းဆောင် ရွက်မည်ဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်မှာ e-commerce နှင့်ဒီဂျစ်တယ်စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ အမျိုးသမီးများ၏ စီးပွားရေးစွမ်းရည်မြှင့်တင်ရေးတို့ကို မြှင့်တင်ရန် လုပ်ငန်းများအပေါ်တွင်လည်း လွှမ်းခြုံထားပါသည်။ယခင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

Source:https://unctad.org/news/unctad-and-commonwealth-secretariat-expand-development-cooperation

International Trade News

Pages