ပြည်တွင်းစားသုံးမှုအတွက်အဆင့်မြင့်ဆန်များထုတ်လုပ်လာနိုင်သည့် နီပေါနိုင်ငံသည် မိမိကိုယ်ကို အားထားနိုင်သည့် အခွင့်အလမ်းရှိခြင်း

Tue, 01/17/2023 - 06:58 -- wtodep

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၈ ရက်နေ့ကစ၍ ပြည်တွင်းလိုအပ်မှုပြည့်ဝစေရန်နှင့် ဈေးကွက်ပေါက်ဈေးမြင့်တက်မှုကို ထိန်းချုပ်ရန် အတွက် အိန္ဒိယနိုင်ငံသည် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခြင်းနှင့် ဆန်အမျိုးမျိုးတင်ပို့မှုအပေါ် အကောက်ခွန် ၂၀ ရာခိုင်နှုန်းချမှတ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနည်းလမ်းကြောင့် ဆန်သွင်းကုန်ကို အလွန်အကျွံမှီခိုနေရသော နီပေါဈေးကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများကို မြင့်တက်လာစေခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလလယ်တွင် ဆန်အပါအဝင် သီးနှံထွက်ကုန်များ၏ ဈေးနှုန်းသည် ၉.၁၉ ရာခိုင်နှုန်းထိ တစ်ရှိန်ထိုးတက်ခဲ့ကာ ယခင်နှစ်အလားတူကာလထက် ၂.၀၈ ရာခိုင်နှုန်း သိသိသာသာ ထိုးတက်ခဲ့ကြောင်း၊ နီပေါသည် အကြမ်းဖျင်းအားဖြင့် အဆင့်မြင့်ဆန်များကို လုံလောက်ပြည့်မီအောင် ထုတ်လုပ်ထားသော်လည်း နိုင်ငံတွင်းဝယ်လိုအားများသောကြောင့် လုံလောက်မှုမရှိကြောင်းကို The Annapurna Express သတင်းဌာနက ဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏အဆိုအရ နီပေါနိုင်ငံ၏ စုစုပေါင်းဆန်ထွက်ရှိမှု၏ ၇၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်းစားသုံးရန် အများကြိုက်ဆန် အမျိုးအစားမဟုတ်သည့် motachamal (ဆန်ကြမ်း) အမျိုးအစားဖြစ်ကြောင်းသိရှိရပါသည်။

နီပေါလူမျိုးများ၏ ဝင်ငွေတိုးမြင့်လာမှုနှင့် နေ့စဉ်စားသုံးမှုပုံစံ တိုးတက်ပြောင်းလဲလာမှုကြောင့် ဆန်လုံးရှည်မျိုးများကို လူကြိုက်ပို များလာသည့်အတွက် နီပေါသည် လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း ဆန်လုံးရှည်သွင်းကုန်အပေါ် ပို၍အမှီပြုလာရကြောင်း၊ အိန္ဒိယ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်မှုနောက်ပိုင်း ဆန်ဈေးများ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ပါကြောင်း၊ သို့သော်လည်း အိန္ဒိယ၏ ဆန်တင်ပို့မှု ဆိုင်ရာကန့်သတ်ချက်သည် နီပေါအတွက် အဆိုးထဲမှအကောင်းဖြစ်နိုင်ပြီး ပြည်တွင်းဆန်သာမက အခြားသီးနှံထွက်ကုန်များ စားသုံးမှုကို မြှင့်တင်နိုင်သည်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။

အိန္ဒိယ၏ကန့်သတ်ချက်များကြောင့် လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမငါးလအတွင်းတွင် ဆန်နှင့် သီးနှံထွက်ကုန်များ တင်သွင်းမှုသည် ၄၀.၂ ရာခိုင်နှုန်း (ရူပီး ၂၀.၃၁ ဘီလီယံသို့) သိသိသာသာကျဆင်းလာခဲ့ကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမလေးလအတွင်း ဆန်နှင့် စပါးတင်သွင်းမှုသည် ၄၉.၇ ရာခိုင်နှုန်း(ရူပီး ၆.၆၈ ဘီလီယံအထိ) ကျဆင်းသွားပါကြောင်း၊ ယခင်နှစ်နိုဝင်ဘာလအစောပိုင်းတွင် အိန္ဒိယမှ နီပေါကိုကြိတ်ခွဲမထားသောဆန် တန်ချိန်ပေါင်း ၆ သိန်းတင်ပို့ခွင့်ပြုခဲ့ပါကြောင်းကို နီပေါ Rastra ဘဏ်က ဖော်ပြထားပါသည်။

ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏လူဦးရေအတွက် ဆန်အလုံအလောက်ထုတ်လုပ်ထားသဖြင့် တင်သွင်းမှုလျော့ချခြင်းကြောင့် စားနပ် ရိက္ခာဖူလုံရေးအပေါ် စိတ်မပူသင့်ကြောင်း၊ တရားဝင်စာရင်းဇယားများအရ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်း စပါးထွက်ရှိမှုသည် ၆.၉၄ ရာခိုင်နှုန်း (တန်သန်းပေါင်း ၅.၄၈) အထိ မြင့်တက်လာပြီး မိုးရာသီနှင့် ခြောက်သွေ့ရာသီ နှစ်မျိုးလုံးအတွက် အကျုံးဝင်ကြောင်း၊ နီပေါနိုင်ငံသားများအနေဖြင့် ဆန်တစ်မျိုးတည်းကိုသာ စားသုံးမည်ဆိုပါက ယခုဘဏ္ဍာရေးနှစ်အတွက် ဆန်တန်ချိန်ပေါင်း ၅၅၀၀၀၀ လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ အခြားသီးနှံထွက်ကုန်များကိုလည်း အဓိကအစားအစာအဖြစ် စားသုံးခြင်းဖြင့် အစားအသောက်အလေ့ အထကို ပြောင်းလဲမည်ဆိုပါက နိုင်ငံအတွင်းစားနပ်ရိက္ခာ ပြတ်လပ်မှုမရှိနိုင်ကြောင်းကို စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ ဝန်ကြီးချုပ်၏ စိုက်ပျိုးရေးခေတ်မီရေး အစီအစဉ်၌ အကြီးတန်းစောင့်ကြည့်အကဲဖြတ်ရေးအရာရှိ Hikmat Kumar Shrestha က ပြောကြားခဲ့ပါသည်။

သို့သော် နိုင်ငံတွင်းထွက်ရှိသောဆန်အများစုသည် motachamal (ဆန်ကြမ်း) အမျိုးအစားဖြစ်ပြီး၊ လယ်သမားများမှလည်း ဆန်လုံးရှည် ဆန်များ သို့မဟုတ် အဆင့်မြင့်ဆန်များ စိုက်ပျိုးရခြင်းသည် motachamal (ဆန်ကြမ်း) ကဲ့သို့ ထွက်နှုန်းမကောင်းသောကြောင့် မစိုက်ပျိုးလိုကြောင်း၊ ထို့ကြောင့် အိန္ဒိယမှ အဆင့်မြင့်ဆန်များကိုစားသုံးရန် ပိုမိုတင်သွင်းရသောကြောင့် နောက်ပိုင်းတွင် အစိုးရမှလည်း အဆင့်မြင့်ဆန်များစိုက်ပျိုးရန် တိုက်တွန်းဆောင်ရွက်မှုများ ရှိလာကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

Sunsari ခရိုင် Duhabi တွင် Arju ဆန်စက်ကို တည်ထောင်ခဲ့သော Buddha Air ပိုင်ရှင်ဖြစ်သူ Birendra Bahadur Basnet သည် လယ်သမားများကို အဆင့်မြင့်ဆန်အစားထိုးစိုက်ပျိုးခြင်းမစတင်ခင် စပါးများကို အနိမ့်ဆုံးဈေးနှုန်းဖြင့် ထောက်ပံ့ပေးမည်၊ ရိတ်သိမ်း ပေးမည် လာရောက်ဝယ်ယူပေးမည်ဟု ကတိပြုထားကြောင်းကို ဖော်ပြထားပါသည်။       

လယ်ယာထွက်ကုန်ပစ္စည်းအများစုသည် အိန္ဒိယမှလာကြောင်း၊ ယခင်နှစ်ကသွင်းကုန်များ အများအပြားတင်သွင်းလာမှုကြောင့် နိုင်ငံ တွင်းအရန်သိမ်းဆည်းထားသော နိုင်ငံခြားသုံးငွေများ လျင်မြန်စွာလျော့နည်းလာမှုနှင့်စပ်လျဉ်း၍ နီပေါသည် “သီရိလင်္ကာအနေအထား” သို့ ရောက်သွားနိုင်သည့်အတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်းကို လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှု နှင့်တင်သွင်းမှု အဆင့်အတန်း လေ့လာမှုစာစောင်တစ်ခုမှ ပြောကြားခဲ့မှုကိုကိုးကား၍ ဖော်ပြထားပါသည်။

အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာကန့်သတ်ချက်များ ချမှတ်ချလိုက်ခြင်းသည် ပြည်တွင်းထုတ်ကုန်များနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူသင့်ကြောင်း၊ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များချမှတ်ထားသော်လည်း တရားမဝင်လမ်းကြောင်း များမှတဆင့် နီပေါသို့ ဆန်တင်သွင်းလာမှုများကြောင့် ငတ်မွတ်မှုဒဏ်ကိုခံစားရမည်မဟုတ်ကြောင်းနှင့် ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချသင့်ကြောင်းကို နီပေါ Rastra ဘဏ်၏ အကြီးတန်းအရာရှိတစ်ဦး က ပြောကြားခဲ့ပါသည်။

Source:

https://  theannapurnaexpress.com/news/nepal-has-a-chance-to-become-self-reliant-on-fine-rice-production-

              36478

 

International Trade News

Pages