တရုတ်နိုင်ငံသည် ဆောင်းတွင်းအတွက် စွမ်းအင်ထုတ်လုပ်မှုနှင့်တင်သွင်းမှုကို မြှင့်တင်လိုက်ခြင်း

Thu, 11/24/2022 - 08:15 -- Dotbilateral

     တရုတ်နိုင်ငံသည် ဆောင်းရာသီတွင် အသုံးပြုရန် လုံလောက်သောစွမ်းအင်ရရှိစေရေးအတွက် စွမ်းအင်ထုတ်လုပ်မှုနှင့် တင်သွင်းမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသည် ကျောက်မီးသွေးကုန်ကြမ်းကို ယခင်နှစ်ထက် ၁.၂ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး တန်ချိန်အားဖြင့် ၃၇၀ သန်း ထုတ်လုပ်ခဲ့သည်။ ရေနံစိမ်းထွက်ရှိမှုသည်လည်း တန်ချိန် ၁၇.၂၂ သန်းဖြင့် ၂.၅ ရာခိုင်နှုန်း တိုးလာကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ စာရင်းအင်းအချက်အလက်များအရ သိရှိရသည်။

     သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် ၁၂.၃ ရာခိုင်နှုန်း တိုးလာပြီး ကုဗမီတာ ၁၈.၅ ဘီလီယံ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၁.၃ ရာခိုင်နှုန်း တိုးလာကာ ကီလိုဝပ်နာရီ ၆၆၁ ဘီလီယံအထိ တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသည် စွမ်းအင်ထောက်ပံ့မှုများ အားကောင်းစေရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ Fu Linghui က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကျောက်မီးသွေး၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ် ပထမ ၁၀ လတွင် ၁၀ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့သည်။

     Xiamen တက္ကသိုလ်ရှိ တရုတ်စွမ်းအင်စီးပွားရေးသုတေသနစင်တာမှ ဒါရိုက်တာ Lin Boqiang က ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှု တိုးတက်လာမှုသည် အစိုးရ၏ အစီအမံများက တည်ငြိမ်သော စွမ်းအင်ထောက်ပံ့မှုများ ရရှိစေသည်ကို ပြသနေကြောင်း Global Times သို့ ပြောကြားခဲ့သည်။

     အောက်တိုဘာလတွင် တရုတ်နိုင်ငံသည် ကျောက်မီးသွေးတန်ချိန် ၂၉.၁၈ သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ရေနံစိမ်းတင်သွင်းမှုမှာ ၁၄.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၄၃.၁၄ သန်း ရှိကြောင်းနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ ၇.၆၁ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး တန်ချိန် ၁၈.၉ သန်းသာရှိခဲ့သည်။

      ဆောင်းရာသီတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု အမြင့်ဆုံးရောက်မည်ဖြစ်၍ နိုင်ငံတစ်ဝှမ်းရှိ အာဏာပိုင်များသည် စွမ်းအင်လုံလောက်မှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ ဥပမာ အားဖြင့် ကျောက်မီးသွေးအဓိကထုတ်လုပ်သောဒေသဖြစ်သည့် တရုတ်နိုင်ငံ မြောက်ပိုင်း Shanxi ပြည်နယ်ရှိ အာဏာပိုင်များသည် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ကျောက်မီးသွေးတိုးမြှင့် ထုတ်လုပ်မည့်ပမာဏကို သတ်မှတ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းစာ Shanxi Daily က ဖော်ပြ ခဲ့သည်။

     အစည်းအဝေး၌ အစိုးရ၏ ခိုင်မာသောလမ်းညွှန်ချက်ဖြင့် ကျောက်မီးသွေး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်မှုအတွက် အာမခံချက်ပေးနိုင်မည့် အစီအမံများကို အလေးပေးဆွေးနွေးခဲ့ပြီး  ပြည်နယ်အတွင်းရှိ မြို့များအားလုံးတွင် ကျောက်မီးသွေး သိုလှောင်နိုင်မှုနှင့် ထုတ်လုပ်မှု တိုးမြှင့်ရေး ကိုလည်း အလေးပေးခဲ့သည်။

     အာဏာပိုင်များအနေဖြင့် ဓာတ်အားပြတ်တောက်မှုမှ ရှောင်ရှားရန်နှင့် စက်မှုလုပ်ငန်းသုံးနှင့် အိမ်သုံးအတွက် စွမ်းအင်အမျိုးအစားအားလုံးကို ထောက်ပံ့ပေးရန်ရည်ရွယ်၍ အမျိုးမျိုးသော အစီ အမံများကို ကျင့်သုံးနေကြောင်း သိရှိရသည်။ ရာသီဥတုဆိုးရွားမှုကြောင့် ဒေသအတွင်း ဓာတ်အား ပြတ်တောက်မှုများကို သတိပြုရန် သက်ဆိုင်ရာဌာနများအား သတိပေးထားသည်။ တရုတ်နိုင်ငံ၏ ရေနံစိမ်းထွက်ရှိမှုသည် သုံးနှစ်ဆက်တိုက်တိုးလာပြီး သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် ငါးနှစ်ဆက်တိုက် ကုဗမီတာ ၁၀ ဘီလီယံကျော် တိုးလာကြောင်း သိရှိရသည်။

Source – Global Time

International Trade News

Pages