တရုတ်နိုင်ငံမှ ထိုင်ဝမ်ပင်လယ်စာတင်ပို့မှုအပေါ် တားမြစ်မှုနှင့်ပတ်သက်၍ ထိုင်ဝမ်အစိုးရသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ တိုင်ကြားသွားနိုင်ဖွယ်ရှိခြင်း

Tue, 12/27/2022 - 03:40 -- wtodep

   တရုတ်နိုင်ငံသည် ယ္ခုနှစ်အစောပိုင်းကစ၍ စားသောက်ကုန်တင်သွင်းသည့် လုပ်ငန်းရှင်များအား ဦးစွာမှတ်ပုံတင်ပြီးမှသာ တင်သွင်းခွင့်ပြုသည့် အကောက်ခွန်စည်းမျဉ်းအသစ်ကို ကျင့်သုံးခဲ့ပါသည်။ အဆိုပါကိစ္စကြောင့် ထိုင်ဝမ်ကုမ္ပဏီ ၁၀၀ ကျော်၏ တရုတ်နိုင်ငံသို့ ပင်လယ်စာတင်သွင်းမှုသည် ဆိုင်းငံ့နေပြီး ထိုင်ဝမ်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားရန် စဉ်းစားလျက် ရှိကြောင်း၊ တရုတ်အစိုးရ၏ ပြောင်းလဲမှုအပေါ် လိုက်ပါဆောင်ရွက်နိုင်ရန် ထိုင်ဝမ်ကုမ္ပဏီများအား အချိန်အနည်းငယ်သာပေးပြီး စာရွက်စာတမ်းများနှင့်တကွ ခွင့်ပြုချက်တောင်းခံထားသော ထိုင်ဝမ်ပင်လယ်စာကုမ္ပဏီ ၁၀၀ ကျော်အနက် ကုမ္ပဏီတစ်ခုသာ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဌာနမှ ခွင့်ပြုချက်ပေးထားကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် မှတ်ပုံတင် ဆောင်ရွက်ရန် လိုအပ်သောစနစ်သစ်သည် အုပ်ချုပ်မှုဆိုင်ရာ ကုန်သွယ်မှုအတားအဆီးဖြစ်ကြောင်း ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီဝန်ကြီး Chen Chi-Chung ၏ ပြောကြားချက်အရ သိရှိရပါသည်။

   ဆက်လက်၍ Chung က တရုတ်နိုင်ငံအစိုးရသည် ထိုင်ဝမ်သွင်းကုန်လုပ်ငန်းရှင်များအား ပင်လယ်စာ တင်သွင်းနိုင်ရေးအတွက် မှတ်ပုံတင်ရန် လိုအပ်သော စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ မကုန်မီ တင်ပြရန် သတ်မှတ်ထားသော်လည်း အခြားနိုင်ငံများကိုမူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။

   ယင်းသို့ ထိုင်ဝမ်ပင်လယ်စာများ တရုတ်နိုင်ငံသို့ တင်ပို့မှု ရပ်တန့်ခြင်းကြောင့် ပြည်ကြီးငါး ထုတ်ကုန် တစ်မျိုးတည်းပင် ထိုင်ဝမ်ဒေါ်လာ ၃ ဘီလီယံကျော်နှင့် စုစုပေါင်းပင်လယ်စာ ထုတ်ကုန်များ ထိုင်ဝမ်ဒေါ်လာ ၆.၅ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးကြောင်း၊ အခြားထိခိုက်သော ပင်လယ်စာထုတ်ကုန်များတွင် ကက္ကူရံငါး (fingerfinger threadfin)၊ ငါးမဲလုံး တူနာငါး (skipjack) နှင့် ဆမ်းမငါး (Pacific saury) တို့ ပါဝင်ကြောင်း စိုက်ပျိုးရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

   တင်သွင်းခွင့်မရရှိသော ကုမ္ပဏီများအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မည်သည့်စာရွက်စာတမ်းများ လိုအပ်သည်ကို တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ် ရေးဌာနသို့ မေးမြန်းသွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ဘက်ကလည်း လိုအပ်သည့် တုံ့ပြန် ဆောင်ရွက်မှုအစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ကြီးငါး၊ ဆမ်းမငါးနှင့် ကက္ကူရံငါးတို့အတွက် မတူညီသော နည်းလမ်းများရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ယ္ခုအချိန်အထိ တရုတ်ဘက်မှ ဖြေကြားမှု မရရှိသေး ကြောင်း၊ တရုတ်နိုင်ငံသည် ကြိုတင်သတိပေးချက်၊ သဘောတူညီချက် သို့မဟုတ် ကြားခံ ပြင်ဆင်ချိန်မရှိဘဲ တင်ပို့မှုများကို တားမြစ်လေ့ရှိကြောင်း၊ ထိုင်ဝမ်ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ကျန်းမာရေးဝန်ကြီး Hsueh Jui-yuan က ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံမှ ထိုင်ဝမ်ပင်လယ်စာထွက်ကုန်များကို ပစ်မှတ်ထား၍ အုပ်ချုပ်မှုဆိုင်ရာ အတားအဆီးများ ဆောင်ရွက်ချိန်တွင် ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီသည် အရေးပေါ်တုံ့ပြန်ရေး အစီအမံများကို တန်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အတည်ပြုပြီးပါက ထုတ်ပြန်ကြေညာသွား မည်ဖြစ်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို (၉-၁၂-၂၀၂၂) ရက်နေ့ထုတ် Formosa သတင်းစာဖော်ပြချက်အရ သိရှိရပါသည်။

Source: https://english.ftvnews.com.tw/news/2022C09W07EA

International Trade News

Pages