ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်အသစ်ကို ပထမဆုံး သဘောတူလက်ခံသည့် နိုင်ငံဖြစ်လာခြင်း

Mon, 01/30/2023 - 05:03 -- wtodep

ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် တရားဝင်လက်ခံခဲ့သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ Davos မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့်အပြိုင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအချို့၏ ဝန်ကြီးများအဆင့် အလွတ်သဘောအစည်းအဝေးတွင် ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ဝန်ကြီးဖြစ်သူ HE. Mr. Guy Parmelin မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala ထံသို့ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီ ချက်အကြောင်းကြားစာအား ပေးအပ်ခဲ့ပါသည်။

ဆွစ်ဇာလန်အစိုးရ၏ သဘောတူလက်ခံမှုသည်အခြားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအပေါ် ပိုမိုပါဝင်လာစေနိုင်သောကြောင့် ဆွစ်ဇာလန်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် ငါးပမာဏလျော့ကျလာမှုကို အကာအကွယ်ပေးရေး၊ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောလူများ၏ အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အပြီးသတ်ပံ့ပိုးကူညီပေးနိုင်ရန် သဘောတူလက်ခံပေးသော ရှေ့ဆောင်နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala က ပြောကြားခဲ့ပါသည်။

နိုင်ငံပေါင်းစုံကုန်သွယ်မှုစနစ်တွင် ရေနေသတ္တဝါများမျိုးသုဉ်းသည်အထိ ဖမ်းဆီးမှုအား တားမြစ်ခြင်းသည် “ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်စေရေးအတွက် အဓိကပံ့ပိုးကူညီမှုတစ်ခုဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ဝန်ကြီးဖြစ်သူ HE. Mr. Guy Parmelin က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) တွင် ကမ္ဘာတဝှမ်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များအား တားဆီးနိုင်ရေး၊ တရားမဝင် ငါးဖမ်းခြင်း (illegal, unreported and unregulated - IUU)၊ အလွန်အကျွံငါးဖမ်းခြင်းနှင့် ပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှု မရှိသောငါးဖမ်းမှုများအတွက် အထောက်အပံ့မပေးရေးတို့အတွက် ကဏ္ဍစုံစည်းမျဉ်းများပါဝင်သော ငါးလုပ်ငန်းအထောက်အပံ့ ဆိုင်ရာ သဘောတူညီချက်ကို တူညီဆန္ဒဖြင့်အတည်ပြုခဲ့ပါသည်။ ထို့အပြင် သဘောတူညီချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် နည်းပညာအကူအညီနှင့် လုပ်ငန်းစွမ်းရည်မြှင့်တင်မှုကို အကူအညီပေးမည့် ရန်ပုံငွေတစ်ရပ် ထူထောင်ထားသည်။

အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိသဘောတူညီချက်အပေါ်  ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC13) တွင် တင်ပြရန် MC12  ၌ သဘောတူညီခဲ့ပါသည်။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအားလုံး သုံးပုံနှစ်ပုံမှ သဘောတူညီမှသာ စာချုပ်စတင်အသက်ဝင်မည်ဖြစ်သည်။

Source: www.wto.org

International Trade News

Pages