စားသောက်ကုန် အန္တရာယ်ကင်းစေရေးနှင့် သန့်ရှင်းရေးအတွက် ပေါင်းစပ် (Hybrid) အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ခြင်း

Mon, 01/30/2023 - 04:55 -- wtodep

၁။         ကုမ္ပဏီ ၃၃ ခု နှင့် ကဏ္ဍ ၃ ၏ အသင်းအဖွဲ့များမှ လုပ်ငန်းရှင် ၆၅ ဦး၊ စားသောက်ကုန် ကျွမ်းကျင်သူ ၂၀ ဦးတို့ ပါဝင်သည့် စားသောက်ကုန်အန္တရာယ်ကင်းစေရေးနှင့် သန့်ရှင်းရေးဆိုင်ရာပေါင်းစပ် (Hybrid) အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့နှင့်အွန်လိုင်း တို့တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာကုန်သွယ်မှုဗဟို (International Trade Center - ITC)  ၏ တရားဝင်ဝက်ဘ်ဆိုဒ်၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားပါသည်။

၂။         အီးယူရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် Arise Plus Myanmar စီမံကိန်းအရ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုသည် မြန်မာနိုင်ငံမှ စားသောက်ကုန်ကျွမ်းကျင်သူ ၇ ဦးကို အန္တရာယ်ဆန်းစစ်ချက်အရ အရေးကြီးသောထိန်းကြောင်းမှုစနစ် (Hazard Analysis Critical Control Point - HACCP System) ကို နားလည်စေရန်နှင့် ဆက်လက်၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအပေါ် နည်းပြ (သို့မဟုတ်) အကြံပေး (Trainer cum Consellors - TcCs) အဖြစ် ဆောင်ရွက်ပေးနိုင်ရန်  လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

၃။         အဆိုပါ အကြံပေးများက HACCP စည်းမျဉ်းများကို အခြေခံထားသည့် စားသောက်ကုန်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်  Food Safety Management System (FSMS) နှင့် ကြားလူမှ စာရင်းစစ်ဆေးခြင်း Third-party Audit ကို ၇ လ အတွင်း စတင်ရန် မျှော်မှန်းခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ပျားရည်ထုတ်လုပ်သည့်စက်ရုံ ၇ ရုံအား HACCP စနစ်ကျင့်သုံးနိုင်ရေး  လမ်းညွှန်ပေးခဲ့ပြီး စက်ရုံခုနစ်ရုံအနက် နှစ်ခုသည် HACCP လက်မှတ်အတွက် ကြားလူမှ စာရင်းစစ်ဆေးခြင်း (Third-party Audit) တွင် ထောက်ခံချက်ရရှိထားပြီး ကျန်စက်ရုံအများစုမှာ စာရင်းစစ်ခံရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။

၄။         ပျားရည်ထုတ်လုပ်မှုအပြင် အခြားကဏ္ဍများတွင်လည်း စားသောက်ကုန် အန္တရာယ်ကင်းရေးစီမံခန့်ခွဲမှုစနစ် (FSMS) ကျင့်သုံးနိုင်ရန် နှင့် ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် နောက်ထပ် နည်းပြ (သို့မဟုတ်) အကြံပေး ၂၀ ဦး ကို ITC က ထပ်မံမွေးထုတ် ထားကြောင်း၊ ယခုသင်တန်းမှ လက်ဖက်၊ ကော်ဖီ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အခွံမာသီးများ၊ လတ်ဆပ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ တန်ဖိုးကွင်းဆက်များတွင် ပါဝင်ဆောင်ရွက်နေသည့်လုပ်ငန်းငယ်များ အကျိုးကျေးဇူးရရှိကာ ဝယ်သူများတောင်းဆိုသည့် HACCP လိုအပ်ချက်များနှင့်အညီ စျေးကွက်အသစ်များကို ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

Source: www.itc.org

           

International Trade News

Pages