ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း မိုက်ခရိုချစ်ပ် (chip) ပို့ကုန်များအပေါ် ထိန်းချုပ်ရေးအစီအမံ များသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စတင်အသက်ဝင်မည်

Mon, 06/05/2023 - 09:37 -- wtodep

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအပေါ်ဆောင်ရွက်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း မိုက်ခရိုချစ်ပ် (chip) ပို့ကုန်အပေါ် ထိန်းချုပ်ရေးအစီအမံများအတိုင်း ဂျပန်အစိုးရက တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း chip တင်ပို့မှုအပေါ် ထိန်းချုပ်ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းအကန့် အသတ်ဖြင့်တင်ပို့မည့်စာရင်း၌ အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၂၃ မျိုးကို ထည့်သွင်းမည်ဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ကြောင်း (၂၃-၅-၂၀၂၃) ရက်နေ့ထုတ် NIKKEI Asia သတင်းစာက ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ မိုက်ခရိုချစ်ပ် (chip) ပို့ကုန်အပေါ် ထိန်းချုပ်ရေးအစီအမံများမှာ လူထုအသိပညာပေးကာလ (၂) လ ကြာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် စတင်အသက်ဝင်မည်ဟု မျှော်လင့်ရပါသည်။

ဂျပန်နိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားကုန်သွယ်မှုအက်ဥပဒေအရ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတင်ပို့ခြင်းများကို ထိန်းချုပ်ထားပြီး ယင်းပို့ကုန်များတင်ပို့နိုင်ရေးအတွက် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဌာန၊ ဝန်ကြီး၏ ကြိုတင်ခွင့်ပြု ချက်လိုအပ်သည်။

ပို့ကုန်တင်ပို့ရန် ထိန်းချုပ်ထားမည့် ကုန်ပစ္စည်း ၂၃ မျိုးသည် မိတ်ဖက်နိုင်ငံ ၄၂ နိုင်ငံနှင့် ဒေသများအတွက်မဟုတ်ပါက ကုန်ပစ္စည်း တစ်ခုချင်းအလိုက် ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်သည်။ အသစ်ထည့်သွင်းသော ပစ္စည်းများတွင် ခရမ်းလွန် ရောင်ခြည်အလင်း ဓာတ်ပုံနည်းပညာ (Extreme ultraviolet lithography) ဆိုင်ရာ စက်ပစ္စည်းများနှင့် အချက်အလက်များကို သိမ်းဆည်းနိုင်သောပစ္စည်း (memory device) များပါဝင်၍ အဆိုပါကိရိယာများက စွမ်းဆောင်ရည်မြင့်မားသော chip များ ထုတ်လုပ်ရာ၌ အသုံးပြုပါသည်။

အမေရိကန်သည် တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပြူတာများနှင့် ဉာဏ်ရည်တုများအတွက် အသုံးပြုသော အဆင့်မြင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းကိရိယာများ ထုတ်လုပ်တင်ပို့ခြင်းကို တင်းကျပ်ထားပြီး အဆိုပါနည်းပညာများ ပိုင်ဆိုင်ထားသော ဂျပန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့အား အလားတူအရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အမေရိကန်၏ အစီအမံများကို တန်ပြန်သည့်အနေဖြင့် တရုတ်အာဏာပိုင်များက နိုင်ငံ၏လုံခြုံရေးကို အန္တရာယ်ဖြစ်စေသော အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Micron Technology မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းဝယ်ယူမှုအား ဆိုင်းငံ့ထား ကြောင်း မေလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဂျပန်နိုင်ငံ၏ ပို့ကုန်အပေါ် ထိန်းချုပ်ရေးအစီအမံအသစ်များကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွား အကာအကွယ်ပေးမှုအစီအမံဆိုင်ရာ ဆောင်ရွက်မှုများကို လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်ရာ တရုတ်-အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုများနှင့် နည်းပညာဆိုင်ရာ ပစ္စည်းများအပေါ် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

Source: NIKKEI Asia

International Trade News

Pages